
၁၃. ၃. ၂၀၂၅
Written by Phyo Wei
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ ဆုပြည့်မျိုးသွက်နဲ့ သဉ္ဇာထက်ဆိုတဲ့ မန္တလေးဆေးတက္ကသိုလ်က Final Part -2 ကျောင်းသူနှစ်ဦးဟာ CDM လုပ်ပြီး သူတို့လိုပဲ မန္တလေးဆေးတက္ကသိုလ်က CDM ပါမောက္ခချုပ်ဟောင်းဖြစ်တဲ့ NUG ယာယီဆေးတက္ကသိုလ် ( မန္တလေး) က ဒေါက်တာခင်မောင်လွင်ရဲ့ ထောက်ခံချက်အတုနဲ့ ထိုင်းနိုင်ငံက ချုလာလောင်ကွန်းတက္ကသိုလ်ကို တက်ဖို့လုပ်ပါတယ်။ ဒါကို ချုလာလောင်ကွန်းတက္ကသိုလ်ကနေ မြန်မာပြည်တွင်းမှာရှိတဲ့ တရားဝင် မန္တလေး ဆေးတက္ကသိုလ်ထံ စိစစ်ပေးဖို့သံသယနဲ့ အကြောင်းကြားလာတာကြောင့် SAC အစိုးရက ဆေးလက်မှတ်အတုလုပ်တဲ့ ဆေးကျောင်းသူနှစ်ဦးနဲ့ ဒေါက်တာခင်မောင်လွင်ကို Blacklist သွင်း ဖမ်းဆီးဖို့ ထုတ်ပြန်ခဲ့သလို ဆုပြည့်မျိုးသွက်နဲ့ သဉ္ဇာထက်တို့ရဲ့ ဘွဲ့လက်မှတ်အတုတွေကို NUG နဲ့ ချိတ်ဆက်ပြီး နိုတြီပြန်ပေးသူ သုံးဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ အခု မတ်လဒုတိယအပတ်ထဲမှာလည်း NUG ရဲ့ ယာယီဆေးပညာဘွဲ့လက်မှတ်အတုနဲ့ UAE နိုင်ငံမှာ ဆက်လက်ပညာသင်ကြားလိုသူ ကေဇင်ထွန်း၊ ဆက်လက်ပညာသင်ကြားနိုင်အောင် နိုတြီအတုပြန် ဆောင်ရွက်ပေးခဲဲ့သူ ရန်ကုန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူး၊ ရုံးအုပ်နှစ်ဦးအပါအဝင် တရားခံ ၁၀ ဦးကို NUG ရဲ့ ဘွဲ့လက်မှတ်အတု မသင်္ကာလို့ ယူအေအီးနိုင်ငံက အစိုးရထံ စစ်ဆေးပေးဖို့တောင်းဆိုမှုနဲ့ ဖော်ထုတ်ဖမ်းဆီး အရေးယူလိုက်ရတဲ့ဖြစ်စဥ်ကို တွေ့မြင်ခဲ့ရတဲ့အပြင် အခုနှစ် နေပြည်တော်လမ်းလျှောက်သင်္ကြန်မှာ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အတာသင်္ကြန်ကို တခမ်းတနား ကျင်းပမှုမှာ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကိုပါ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် ဖော်ပြနိုင်မယ့် သရုပ်ဖော်မှုပါ ထည့်သွင်းဆောင်ရွက်မယ်ဆိုတာ သိမြင်ခဲ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း မြန်မာနိုင်ငံက အာဆီယံနဲ့ ပိုမိုတက်ကြွတဲ့ ချဉ်းကပ်မှုတစ်ရပ် ဆောင်ရွက်လျက်ရှိတယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ်ပြောကြားလာတာ၊ NUG အဖွဲ့ဝင်တွေ ပြည်တွင်းပြန်ဝင်လာဖို့ ပြောတဲ့ NUG ယာယီသမ္မတ ဒူဝါလရှီးလရဲ့ လူယုံ NUG လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး ခွန်ဗဟန်းထန်ကို စစ်ရာဇဝတ်မှုနဲ့ ငွေအလွဲသုံးစားမှု သံသယတရားခံတစ်ဦးအဖြစ် ပြောဆိုခံရတဲ့ NUG ကာကွယ်ရေးအတွင်းဝန်ဟောင်း နိုင်ထူးအောင်က NUG ဝန်ကြီးချုပ်ရုံး အကြံပေးဖြစ်ဖြစ်ချင်းမှာ ခွန်ဗဟန်းထန်ကို အနားပေးလိုက်တာ၊ NLD လူငယ်တာဝန်ခံအဖြစ်က PDF လုပ် လက်နက်ကိုင်သူ ချစ်ကို တိုက်ပွဲမှာ သေဆုံးခဲ့တာ၊ မြိုင်လက်နက်ကိုင်တွေရဲ့ စခန်းကို လေကြောင်းတိုက်ခိုက်မယ် သတင်းရထားလို့ PDF စခန်းတွေ အမြန်ရွှေ့ဖို့ မြိုင်ပကဖ သတိပေးခဲ့တဲ့ဖြစ်စဥ်တွေရှိခဲ့ပေမဲ့ ရဟန်းသံဃာကို သတ်ပြီးမှ နာမည်ဖျက်၊ အပြစ်ပုံချတဲ့ ပျားစစ်ကြောင်းအကြောင်း၊ ရုရှားခရီးစဉ်အပြီးမှာ မြန်မာနိုင်ငံဆီ အပြေးရောက်လာတဲ့ တရုတ်ကိုယ်စားလှယ်အကြောင်းနဲ့ အချိန်ထုတ်ပြောလာတဲ့ ရွေးကောက်ပွဲအကြောင်းတွေကို သုံးသပ်ချင်ပါတယ်။
◾ ရဟန်းသံဃာကို သတ်ပြီးမှ နာမည်ဖျက်၊ အပြစ်ပုံချတဲ့ ပျားစစ်ကြောင်း
ရှမ်းပြည််နယ်တောင်ပိုင်း၊ ဖယ်ခုံမြိုနယ်၊ အုံတိုင်းကျေးရွာ ရှမ်းကျောင်းက ကျောင်းထိုင်ဆရာတော်နဲ့ ကပ္ပိယဟာ တပ်မတော် ထောက်ခံသူတွေ ဖြစ်ပြီး ဒလန်ဖြစ်တဲ့အပြင် မိန်းမလိုက်စားတဲ့အတွက် သတ်ဖြတ်လိုက်ကြောင်း ကျူးလွန်တဲ့ ပျားစစ်ကြောင်း ရဲ့ ဝန်ခံချက်ကို ဖယ်ခုံမြိုနယ် ပြည်သူ့ လုံခြုံရေးတပ်ဖွဲ PK-Police က ဒီတစ်ပတ်မှာ အပြစ်ဖို့ ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ ညနေ ၄ နာရီခန့်က အုံတိုင်းရွာကျောင်းထိုင်ဆရာတော်ဦးဓမ္မသာရ(ဦးဇင်းပိန်)နဲ့ ဒါယကာကိုအိုက်ပီးဆိုသူကို NUG ဩဇာခံ ပျားစစ်ကြောင်းက သတ်ဖြတ်ပြီး ဖုန်းနဲ့ဘဏ်စာအုပ်လုယက်ခဲ့ကြတာပါ။ ဖြစ်စဥ်မှာ ဦးဓမ္မသာရဟာ ကျည် ၈ ချက်၊ ကိုအိုက်ပီးဟာ ကျည် ၂ ချက်ထိပြီး နေရာတင် ပွဲချင်းပြီးသေဆုံးခဲ့တာပါ။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးဓမ္မသာရဟာ တော်လှန်ရေးကို ထိပါးဟန့်တား နှောင့်ယှက်သူ၊ တပ်မတော်ကို ကူညီထောက်ပံ့နေသူ၊ ကပ္ပိယဖြစ်သူ ကိုအိုက်ပီးဟာလည်း ဦးဓမ္မသာရခိုင်းသမျှ လုပ်ကိုင်နေသူ၊ ဦးဇင်းပိန်နဲ့ ကပ္ပိယ ကိုအိုက်ပီး ဟာ အများပြည်သူ သိရှိသလို ပြည်သူ့အကျိုး၊ သာသနာ့အကျိုးကို ထမ်းဆောင်နေသူ မဟုတ်ဘဲ လောင်းကစားပြုလုပ်သူ၊ လူမျိုးရေး၊ ဘာသာရေးကို ခွဲခြားနေသူ၊ ဖဲရိုက်/ ဘောလုံး ပွဲလောင်းသူ၊ မိန်းမ ရှုပ်ပွေနေသူ ဖြစ်တဲ့အပြင် တော်လှန်ရေးကို ထိပါးနှောင့်ယှက်လာလို့ ပျားစစ်ကြောင်းက သတ်တာလို့လည်း အသတ်ခံရသူနှစ်ဦးအပေါ် သက်သေအတိအကျမရှိဘဲ ပျားစစ်ကြောင်းက အပြစ်ပုံချထားပါတယ်။
ဒါ့အပြင် ဆရာတော်တို့နှစ်ဦးကို လာသတ်တဲ့အဖွဲ့က ၆ ဦးဖြစ်ပေမဲ့ သတ်ဖြတ်သူက မောင်ဘလတ်လို အမည်ရှိသူ ၂၉ နှစ်သား PDF ဖြစ်လို့ မောင်ဘလတ်ကိုအရေးယူမယ်လို့လည်း ဓားစာခံဖော် တစ်ဦးတည်းလွှဲချ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ ပျားစစ်ကြောင်းရဲ့ ဝန်ခံချက်နဲ့ PK Police က ထုတ်ပြန်ချက်ကိုတော့ အများပြည်သူက လက်မခံတဲ့အပြင် ကျူးလွန်တဲ့ပျားစစ်ကြောင်းနဲ့ PK Police ကို ဝိုင်းပြီးရှုတ်ချနေကြသလို ပျားစစ်ကြောင်းဟာ ရဟန်းတစ်ပါးနဲ့ ကပ္ပိယကို သတ်ဖြတ်လုယက်ပြီးမှ အဝေဖန်ခံရမှ သွေးရူးသွေးတမ်းငြင်းနေပြီး သူတို့မှားရင် လက်နက်ဖြုတ်သိမ်းနိုင်တယ်လို့ပါ သူ့မိခင် NUG သိအောင် စကားကျွံထားပါသေးတယ်။ ဒါက ဘာလို့ စကားကျွံရဲလဲဆို NUG ဟာ ဦးဓမ္မသာရလို ဗုဒ္ဓဘာသာရဟန်းရာချီကို PDF သတ်ချိန်မှာ အသံမထွက်ဘဲ ခရစ်ယာန်ဘုန်းကြီးတစ်ပါးကို ရွှေဘို PDF သတ်မှ အသံထွက်တာကြောင့်လည်း ပျားစစ်ကြောင်းက NUG ဟာ ဗုဒ္ဓဘာသာရဟန်းတွေ သတ်တာကို အရေးမစိုက်မှန်း၊ သူတို့ကို အရေးမယူရဲမှန်းသိလို့ လူထုရှုတ်ချတဲ့ သံဃာသတ်ဖြတ်မှု ကျူးလွန်ခဲ့တာတောင် ပျားစစ်ကြောင်းက မထီမဲ့မြင်လုပ်ရဲ အသံထွက်ရဲတာလို့လည်း မြင်ရပါတယ်။
◾ မြန်မာနိုင်ငံဆီ အပြေးရောက်လာတဲ့ တရုတ်ကိုယ်စားလှယ်
ရုရှားသမ္မတနဲ့ ဘယ်လာရုစ်သမ္မတတို့ရဲ့ နိုင်ငံတော်အဆင့် ဖိတ်ကြားချက်အရ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတို့ထံ နိုင်ငံတော်အဆင့်ခရီးစဥ်ကို မတ်လ ၃ ရက်ကနေ ၉ ရက်နေ့အထိ သွားရောက်ခဲ့တဲ့ SAC ဥက္ကဋ္ဌရဲ့ အောင်မြင်မှု ခရီးစဥ်အပြီးမှာ တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းဟာ နေပြည်တော်ရောက်ရှိလာပြီး SAC ဥက္ကဋ္ဌအပြင် ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့ကို နှစ်ရက်ဆက် တွေ့ဆုံခဲ့ပါတယ်။
တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းဟာ မြန်မာနိုင်ငံကို ရောက်လာပြီးချိန်တိုင်းမှာ တိုက်ဆိုင်တာလား မပြောတတ်ပေမဲ့ ၁၀၂၇ စစ်ဆင်ရေးတွေ ပြင်းထန်လာတာ ဖြစ်တတ်ခဲ့ပါတယ်။ အခုလည်း တရုတ်ကိုးကန့် MNDAA နဲ့ TNLA တို့ စစ်ရေးငြိမ်နေပေမဲ့ တရုတ်ပြိုင်ဘက် အိန္ဒိယရဲ့ ကုလားတန်စီမံကိန်းကို တစ်ချိန်လုံးတိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ AA က စစ်တွေနဲ့ ကျောက်ဖြူကို အရှိန်မပျက် ထိုးစစ်ဆင်နေချိန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ဆွံ့အသွားစေနိုင်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ကို ရုရှားနဲ့လုပ်တော့မယ်ဆိုတဲ့အချိန်မှ တိန့်ရှီကျွင်းပြေးလာတာဟာ ပထဝီနိုင်ငံရေး စိတ်ဝင်စားသူတွေကို စိတ်ပူစေခဲ့ပါတယ်။
တစ်ဖက်မှာလည်း ရုရှားနဲ့ မြန်မာ ဆက်ဆံရေးတိုးမြှင့်လာပြီး ရုရှားသမ္မတပူတင်သာမက ဘယ်လာရုစ်သမ္မတ လူကာရှန်းကော့ကပါ SAC ဥက္ကဋ္ဌကို လေးလေးစားစား ခမ်းခမ်းနားနား ကြိုဆိုနေချိန်ကြမှ တရုတ်နဲ့ ယူကရိန်းကြား လယ်ယာထွက်ကုန်ပစ္စည်းဆိုင်ရာသဘောတူညီချက်နှစ်ခုကို မဟာဗျူဟာမြောက်ပေါင်းစည်းဖို့ ယူကရိန်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မာရှန်ကွင်း (Ma Shengkun) နဲ့ ယူကရိန်းနိုင်ငံက အစားအသောက် ဘေးကင်းရေးနဲ့ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ ယူကရိန်းနိုင်ငံတော် ဝန်ဆောင်မှု အကြီးအကဲ Serhii Tkachuk တို့ SAC ဥက္ကဋ္ဌ ခရီးစဥ်အတွင်းမှာ လက်မှတ်ရေးထိုးလိုက်မှုဟာ ရုရှားနဲ့ မြန်မာအပေါ် တရုတ်ရဲ့ သဘောထားကို မေးငေါ့ပြသလို ဖြစ်စေခဲ့ပါတယ်။ မည်သို့ပင်ဆိုစေကာမူ အခုဆိုရင် မြန်မာ့လက်နက်ကိုင်အရေးကို ငွေကြေးတစ်ဖက်လှည့်နဲ့ထောက်ပံ့တဲ့ အမေရိကန် USAID ဟာ ထရန့် သမ္မတဖြစ်လာမှုနဲ့အတူ ချုပ်ငြိမ်းသွားတာကြောင့် NUG, PDF နဲ့ EAO တွေ တိုက်ပွဲဆင်နွှဲနိုင်မှုမရှိတော့ချိန် ထိုးစစ်ဖြန့်နိုင်တာက တရုတ်ရဲ့ မဟာဗျူဟာပြိုင်ဘက် အိန္ဒိယရဲ့ ကုလားတန်စီမံကိန်းကို တစ်ချိန်လုံးဖျက်ဆီးခဲ့တဲ့ AA တစ်ဖွဲ့တည်းဖြစ်နေလို့ AA ရဲ့ လက်နက်ခဲယမ်းငွေကြေးတွေကို ဘယ်နိုင်ငံက ကျောထောက်နောက်ခံပေးသလဲ တွေးစရာဖြစ်လာပါတယ်။ နိုင်ငံရေးမှာ တိုက်ဆိုင်စရာမရှိဘဲ SAC ဥက္ကဋ္ဌခရီးစဥ်မတိုင်ခင် ငြိမ်သက်နေတဲ့ MNDAA နဲ့ TNLA တို့ကလည်း အခုရက်မှ သူတို့နှစ်ပတ်လည်တွေနဲ့တကွ PDF တွေကပါ စာထုတ်ပြီး ပြန်အသက်ဝင်လာတာကြောင့် ၁၀၂၇ တတိယစစ်ဆင်ရေးက USAID ဆုံးခန်းတိုင်သွားလို့ ပျက်ပြီထင်မှ သူ့အစားဝင်ပေးတဲ့ နိုင်ငံကြီးတစ်ခုကြောင့် ပြန်နိုးထလာမလား သတိနဲ့တွေးဆရတော့မှာပါ။
◾ အချိန်ထုတ်ပြောလာတဲ့ ရွေးကောက်ပွဲ
“ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတကြီး H.E. Vladimir Vladimirovich Putin နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတကြီး H.E. Mr.Alexander Gregoryevich Lukashenko ဖိတ်ကြားချက်အရ ကျွန်တော်တရားဝင် ချစ်ကြည်ရေးခရီးသွားတာပါ။ သူတို့က တရားဝင်ဖိတ်တဲ့အတွက်ကြောင့် ကျွန်တော်တရားဝင်ချစ်ကြည်ရေးခရီးသွားနိုင်တာကတော့ နိုင်ငံအတွက် အင်မတန်ကောင်းတဲ့ဟာတစ်ခုဖြစ်ပါတယ်။ နောက်တစ်ခုက သွားတဲ့ခရီးစဉ် နှစ်နိုင်ငံလုံးမှာပဲ ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နယ်ပယ်တွေ ကျယ်ပြန့်စွာ ဆွေးနွေးဆောင်ရွက်နိုင်ခဲ့တယ်။ အထူးသဖြင့် စီးပွားရေးနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်တဲ့ ကိစ္စရပ်တွေပေါ့။ နောက်နှစ်နိုင်ငံအပြန်အလှန် ကူးလူးသွားလာရေးအတွက် တိုးချဲ့ဖို့ ဆိုတာ အထူးသဖြင့်တော့ ခရီးသွားကဏ္ဍတွေတိုးချဲ့ ဆောင်ရွက်ရေးပေါ့ဗျာ။ နောက်တစ်ခုက ပညာရေး၊ နောက်သိပ္ပံနဲ့နည်းပညာ၊ ကျန်းမာရေး၊ အားကစား၊ ယဉ်ကျေးမှု၊ ဥပဒေ၊ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်တွေ၊ ဒါတွေ နယ်ပယ်တွေကျယ်ကျယ်ပြန့်ပြန့် ကျွန်တော်တို့ဆွေးနွေးနိုင်ခဲ့တဲ့ အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပျက်ပြောင်းလဲမှုအခြေအနေတွေ ရှင်းပြတာကို သူတို့နှစ်နိုင်ငံလုံးက ဒါကို အားလုံး လက်ခံပါတယ်။ နောက် ကျွန်တော်ရွေးကောက်ပွဲ လုပ်မယ့်အခြေအနေလည်း ကျွန်တော် ရှင်းပြတယ်။ ရှင်းပြတော့ သူတို့ ဒါကိုလည်း အားပေးထောက်ခံတဲ့အတွက်ကြောင့် သူတို့ဆီကကိုယ်စားလှယ် လွှတ်ပြီးတော့ လာပြီးတော့ ရွေးကောက်ပွဲမှာ အကဲလာပြီး ကြည့်ပေးမယ့်အကြောင်းလည်း သူတို့ပြောတာရှိတယ်။ ပိုကောင်းတာကတော့ နှစ်ဦးနှစ်ဖက် ဒီတွေ့ဆုံခြင်းအားဖြင့် ယုံကြည်မှုတွေအများကြီးရခဲ့တယ်ဗျ။ ရုရှားနိုင်ငံရော ဘယ်လာရုစ်နိုင်ငံရော သူတို့နိုင်ငံမှာရှိတဲ့ ပြည်သူတွေကရော မြန်မာနိုင်ငံအပေါ်မှာ စိတ်ဝင်တစားနဲ့တော်တော်ဖြစ်လာတာကို ကျွန်တော် တွေ့တယ်ဗျ။ ဒါဟာကျွန်တော်တို့အတွက် (နောက်အနာဂတ်နိုင်ငံ အတွက်) (နောင်နိုင်ငံတော်အနာဂတ်အတွက်လည်း) ကောင်းတဲ့ လက္ခဏာတစ်ခုပေါ့ဗျာ။ နောက်တစ်ခုကလည်း ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်မယ်လို့ ကျွန်တော်ပြောခဲ့တာရှိတယ်။ ဒါကိုကျွန်တော်တို့ ခိုင်ခိုင်မာမာလုပ်မှာပါ။ ပါတီစုံဒီမိုကရေစီစနစ်ကို တကယ်လိုချင်လို့ရှိရင် ကဏ္ဍကောစ လုပ်မနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပဲလိုပါတယ်။ အဲ့ဒါလုပ်မယ် ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံ မုချအောင်မြင်ရမယ်ဗျ။ မုချအောင်မြင်ရမယ် ကျွန်တော် ဒါကိုပြောရဲပါတယ်။ ပြည်သူတွေကို ကျွန်တော် ဒါလေးတော့ ကျွန်တော့်ဘက်ကသဘောထားပေါ့ဗျာ။ ကျွန်တော် ဒါကို ပြောပါရစေ။ အားလုံး အစစအရာရာ အောင်မြင်မယ်လို့လည်းကျွန်တော် ယုံကြည်ပါတယ်ဗျာ။ ပြည်သူအများလည်းအားလုံး ကျန်းမာချမ်းသာကြပါစေ။ နောက်အစစအရာရာ တိုးတက်အောင် လုပ်နိုင်ကြပါစေလို့လည်း ကျွန်တော် ဆုမွန်ကောင်းတောင်းပါတယ်။ ပါတီစုံဒီမိုကရေစီကို ယုံကြည်တယ်ဆိုလို့ရှိရင် အားလုံးပူးပါင်းဆောင်ရွက်ပေးကြပါလို့လည်း ကျွန်တော်ပြောလိုပါတယ်ဗျာ။ ကောင်းပါတယ်ဗျာ၊ ကျေးဇူးအများကြီးတင်ပါတယ်။”ဟု လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှား၊ ဘယ်လာရုစ်သမ္မတတွေနဲ့ အောင်မြင်စွာတွေ့ဆုံပွဲအပြီး ပြောကြားလာပါတယ်။
ဒါ့အပြင် “ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှု ဖြစ်ခဲ့တဲ့အတွက်ကြောင့် ကျွန်တော်တို့ နိုင်ငံတော်ကို အရေးပေါ်ကြေညာပြီး ခေတ္တတာဝန်ယူထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် မကြာခင်မှာလည်း ဥပဒေနဲ့ အညီ ရွေးကောက်ပွဲကျင်းပသွားဖို့ရှိပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (သို့မဟုတ်) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ အစောဆုံး ကျင်းပသွားဖို့စီစဉ်ထားကြောင်း ပြောလိုပါတယ်။ ရွေးကောက်ပွဲ ဝင်ဖို့အတွက်လည်း ပါတီပေါင်း ၅၃ ခုက စာရင်းပေးသွင်းထားပြီးဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပမှုနဲ့ ပတ်သက်ပြီး ဘယ်လာရုစ်နိုင်ငံရဲ့ လေ့လာရေးအဖွဲ့များကိုလည်း လာရောက်ကြည့်ရှုနိုင်ဖို့အတွက် ဖိတ်ကြားလိုပါတယ်”လို့ မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးပွဲကို ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့က သမ္မတနန်းတော် အစည်းအဝေးခန်းမှာ ကျင်းပပြုလုပ်အပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်တာကိုလည်း တွေ့ရပါတယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ စတင်ပြီးတော့ ၂ နှစ်အာဏာယူအပြီးမှာ နိုင်ငံမတည်ငြိမ်မှုကြောင့် ၆ လ သက်တမ်းတိုးမှု ဆက်တိုက်ပြုလုပ်နေရတဲ့ SAC ဥက္ကဋ္ဌက ရုရှား – ဘယ်လာရုစ် နိုင်ငံတော်အဆင့်ခရီးစဥ်အတွင်းမှာ မြန်မာ့ရွေးကောက်ပွဲကတိကဝတ်ကို ကာလအတိအကျနဲ့ ထုတ်ပြောခဲ့တာပါ။ အားလုံးသိကြတဲ့အတိုင်း ၂၀၂၀ ရွေးကောက်ပွဲကို ဥပဒေကျော်လွန်မှုတွေနဲ့ အာဏာရယူဖို့ကြိုးပမ်းခဲ့တဲ့ NLD ရဲ့ တရားလက်လွတ်မှုကနေ စတင်ခဲ့တဲ့ ဒီ ငါးနှစ်အတွင်းမှာ နှစ်ဖက် တရားဝင်၊ တရားမဝင်ကိန်းဂဏန်းတွေအရ NUG က လူ ၃၀၀၀၀ ကျော် သတ်ထားတယ်လို့ ယာယီသမ္မတဒူဝါလရှီးလက ၂၀၂၂ ခုနှစ် ဒီဇင်ဘာမှာ Reuters Next ကို ဝန်ခံခဲ့မှုအရ ဒီလေးနှစ်ကျော်အတွင်း မြန်မာ့လူထု ၅၀၀၀၀ နဲ့ ၁၀၀၀၀၀ ကြား သေဆုံးထားသလို နေအိမ် ၁ သိန်းကျော် ပျက်စီးပြီး မြန်မာ့လူဦးရေ သန်း ၂၀ လောက်လည်း စားဝတ်နေရေးဒုက္ခကြုံနေရပြီဖြစ်ပါတယ်။ စစ်ရေးချိန်ခွင်အရ NUG, PDF နဲ့ EAO တွေဟာ သူတို့ကို အဓိကထောက်ပံ့တဲ့ အမေရိကန် USAID ဆုံးခန်းတိုင်သွားလို့ နောက်နိုင်ငံကြီးတစ်ခု ကျားမကန်ရင် လာမယ့်ဆယ်စုနှစ်အတွင်းမှာ အမြစ်ဖြုတ်ခံရဖွယ်ရှိပေမဲ့ ကျားကန်ပေးဖွယ်ရှိနေတာကြောင့်လည်း ဒီစစ်ပွဲတွေ မငြိမ်းနိုင်ဘူးထင်ရချိန်မှာ ရွေးကောက်ပွဲသာ လူထု ထွက်ပေါက်ပါ။
လေးနှစ်ကျော်စစ်ဘေးကို တစ်နိုင်ငံလုံး ဘဝနဲ့ရင်းပြီး ခါးစည်းခံခဲ့ရချိန်မှာ နှစ်ဖက်စလုံးကလည်း မပြိုလဲနိုင်ဘဲ နိုင်ငံနဲ့ ပြည်သူသာ ဝဋ်ဆင်းရဲပိုကြုံလာချိန်မှာ စစ်မလိုလားတဲ့ ပြည်သူတွေအဖို့ ရွေးကောက်ပွဲကလည်းဖြစ်သင့်ပါတယ်။ ရွေးကောက်ပွဲဟာ တစ်နိုင်ငံလုံး လုပ်နိုင်မှာလည်း မဟုတ်လို့ ရွေးကောက်ပွဲလုပ်နိုင်တဲ့ဘက်ခြမ်းဟာ ဒီမိုကရေစီ၊ စစ်ကို သိပ်လိုလားနေတဲ့ ဘက်ခြမ်းက စစ်အုပ်ချုပ်ရေးနဲ့ သွားကြည့်ဖို့ကလည်း လိုအပ်ပါတယ်။ စစ်မဖြစ်တဲ့ မြန်မာဘက်ခြမ်းဟာ နတ်ဘုံနတ်နန်း၊ စစ်ကိုလိုလားလို့ တိုက်ချင်ခိုက်ချင်နေတဲ့ မြန်မာဘက်ခြမ်းက ငရဲ။ ငရဲနဲ့ နတ်ဘုံနတ်နန်းဟာ မကြာခင်မှာ ဒုက္ခတွင်းက မြန်မာပြည်သူတွေ မလွဲမသွေမြင်ရဖွယ်လည်း ရှိလို့ ကိုယ်က ငရဲမှာ နေမလား၊ နတ်ဘုံနတ်နန်းသွားမလား ဆိုတာ ရွေးကောက်ပွဲနဲ့ တိုင်းတာရမှာဖြစ်ကြောင်းကို နတ်ဘုံနတ်နန်းဆီသွားလိုသူအမြင်နဲ့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။