၆.၁၂.၂၀၂၅
Translated by Htwe Ko Tun
ဥရောပသမဂ္ဂက ဘီလျံနာ အီလွန်မာ့စ်ခ်၏ လူမှုမီဒီယာပလက်ဖောင်း X ကို ၎င်း၏ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအက်ဥပဒေ (DSA) တွင် ဖော်ပြထားသော ပွင့်လင်းမြင်သာမှုစည်းမျဉ်းများကို ချိုးဖောက်မှုအတွက် ဒီဇင်ဘာလ ၄ ရက်က ယူရိုငွေ သန်း ၁၂၀ (ဒေါ်လာ သန်း ၁၄၀) ဒဏ်ရိုက်ခဲ့ကြောင်း သိရသည်။
ဥရောပကော်မရှင်က လူမှုမီဒီယာပလက်ဖောင်း X ကို အပြာရောင်အမှန်ခြစ်များဖြင့် အသုံးပြုသူ အကောင့်များကို မှားယွင်းစွာ အထောက်အထားပြခြင်း၊ သုတေသီများထံမှ အချက်အလက်များကို ဖုံးကွယ်ခြင်းနှင့် ကြော်ငြာများကို သိသာထင်ရှားစွာ မပြသခြင်း စသောအချက်များဖြင့် စွပ်စွဲခဲ့သည်။
“အသုံးပြုသူတွေကို အပြာရောင်အမှန်ခြစ်တွေနဲ့ လှည့်စားဖို့၊ ကြော်ငြာတွေပေါ်က အချက်အလက်တွေကို ဖုံးကွယ်ဖို့နဲ့ သုတေသီတွေကို ပိတ်ပင်ဖို့ ဥရောပသမဂ္ဂမှာ အွန်လိုင်း နေရာမရှိပါဘူး” ဟု ဥရောပကော်မရှင်ဒုတိယဥက္ကဋ္ဌ ဟန်နာ ဗာကူနန်က ပြောကြားခဲ့သည်။
ဒီဇင်ဘာလ ၄ ရက်ညက ထိုကြေညာချက်မတိုင်မီ အမေရိကန်ဒုတိယသမ္မတ အိုင်ဒီဗန့်စ်က “ဥရောပသမဂ္ဂဟာ အမေရိကန်ကုမ္ပဏီတွေကို မတိကျတဲ့အချက်အလက်တွေနဲ့ပတ်သက်ပြီး တိုက်ခိုက်မှုမပြုလုပ်ဘဲ လွတ်လပ်စွာပြောဆိုခွင့်ကို ထောက်ခံသင့်တယ်” ဟု ပြောကြားခဲ့သည်။
ဗာကူနန်က အဆိုပါဆုံးဖြတ်ချက်သည် “ဆင်ဆာဖြတ်တောက်မှုနှင့် မသက်ဆိုင်ပါကြောင်း၊ ဥရောပသမဂ္ဂ၏ စည်းမျဉ်းများကို လိုက်နာပါက ဒဏ်ငွေအတပ်ခံရမည်မဟုတ်သည်မှာ ရိုးရှင်းပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ဤပြင်းထန်သောဒဏ်ငွေသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် X ကို စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ပြီးနောက်တွင် ဥရောပကော်မရှင်မှ ထုတ်ပြန်ခဲ့သော အလားတူပထမဆုံးပြစ်ဒဏ်လည်းဖြစ်သည်။
X က ၎င်းတွင်ကြော်ငြာမှုများ၌ ကြော်ငြာခြင်း၏ နောက်ကွယ်တွင်မည်သူရှိနေသည်ကို အမြဲတမ်း ရှင်းရှင်းလင်းလင်း မသိရှိကြောင်းလည်း ကော်မရှင်က ဝေဖန်ခဲ့သည်။
ဥရောပသမဂ္ဂ၏ ဆုံးဖြတ်ချက်အရ ဒဏ်ကြေးတွင် အပိုင်းသုံးပိုင်းပါဝင်ရာ အတည်ပြုချက်စစ်ဆေးခြင်းအတွက် ယူရို ၄၅ သန်း၊ ကြော်ငြာပွင့်လင်းမြင်သာမှုမရှိခြင်းအတွက် ယူရို ၃၅ သန်းနှင့် သုတေသီများအတွက် အချက်အလက် ဝင်ရောက်ရယူခွင့်မရှိခြင်းအတွက် ယူရို သန်း ၄၀ ဖြစ်ကြောင်း သိရသည်။
ဥရောပသမဂ္ဂ၏ ပြောကြားချက်အရ အီလွန်မာ့စ်ခ်၏ လူမှုမီဒီယာပလက်ဖောင်း X အပေါ် ဥပဒေနှင့် မညီသောအကြောင်းအရာများ ပျံ့နှံ့မှုနှင့် လှည့်စားထားသော သတင်းအချက်အလက်များ ပျံ့နှံ့မှုတို့ကို တိုက်ဖျက်ရန် လုံလောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ခြင်း ရှိ၊ မရှိ အပါအဝင် အလွန်ကျယ်ပြန့်သော စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
သို့သော် အမေရိကန်အစိုးရသည် စည်းမျဉ်းစည်းကမ်းဆိုင်ရာ တင်းကျပ်မှုအတွက် ဥရောပသမဂ္ဂကို ဝေဖန်ခဲ့ပြီး ကုန်သွယ်ရေးဆိုင်ရာ အကျိုးဆက်များဖြစ်လာနိုင်သည်ဟု ခြိမ်းခြောက်ခဲ့သည်။ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဟောဝပ် လတ်နစ်က ပြီးခဲ့သည့်အပတ်က သံမဏိအခွန်များ လျှော့ချလိုပါက ၎င်း၏စည်းမျဉ်းများကို ပြန်လည်စဉ်းစားရန် ဥရောပသမဂ္ဂကို ဖိအားပေးခဲ့သေးကြောင်း သိရသည်။
အမျိုးသားနှင့် နိုင်ငံတကာ ရေဒီယို၊ ရုပ်မြင်သံကြား၊ ဝါယာကြိုး၊ ဂြိုဟ်တုနှင့် ကေဘယ်လ်ဆက်သွယ်ရေးများကို ထိန်းညှိပေးသည့် အမေရိကန်အေဂျင်စီဖြစ်သော Federal Communications Commission (FCC) ၏ ဥက္ကဋ္ဌ ဘရန်ဒန် ကားကလည်း ဥရောပသမဂ္ဂကို ရှုတ်ချပြောကြားခဲ့သည်။
ကားက X တွင် ပို့စ်တစ်ခု ရေးသားခဲ့ရာ၌ “အောင်မြင်တဲ့အမေရိကန် နည်းပညာကုမ္ပဏီတစ်ခုလို ဖြစ်ဖို့အတွက် သူတို့က အောင်မြင်တဲ့ အမေရိကန် နည်းပညာကုမ္ပဏီတစ်ခုကို ဒဏ်ရိုက်နေတယ်” ဟု ပြောကြား စွပ်စွဲခဲ့သည်။။
ထို့ပြင် ကားက “ဥရောပဟာ သူ့ရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ တင်းကျပ်တားဆီးခံနေရတဲ့ တိုက်ကြီး တစ်ခုကို ထောက်ပံ့ဖို့ အမေရိကန် ကုမ္ပဏီတွေကို အခွန်ကောက်ခံနေတယ်” ဟု ပြောကြားခဲ့ကြောင်း သိရသည်။
Ref- DW News
