၆.၁၁.၂၀၂၆
Written by NYL
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရန် လေ့လာသုံးသပ်ရေးနှင့် ဥပဒေကြမ်းပြုစုရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့်ဖွဲ့စည်းရန် နိုဝင်ဘာ ၅ ရက်က ကျင်းပခဲ့သည့် တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့တွင် သဘောတူအတည်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) ဦးဇင်မင်းထက်က “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)မှ ပြင်ဆင်၊ ဖြည့်စွက်သင့်သည့်အချက် (၄၃)ချက်ကို ပြင်ဆင်နိုင်ရေးနှင့် ပြည်ထောင်စုသဘောတူစာချုပ် Union Accord အစိတ်အပိုင်း(၁)(၂)(၃) ပါ အချက်များနှင့်စပ်လျဉ်း၍ လေ့လာသုံးသပ်ရေးနှင့်ဥပဒေမူကြမ်းပြုစုရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန်အဆို” တင်သွင်းခဲ့ကြောင်း သိရသည်။
၎င်းအဆိုကို လက်ရှိမြန်မာနိုင်ငံ၏အခြေအနေအရ မြန်မာနိုင်ငံသားပြည်သူများ၏ ငြိမ်းချမ်းသာယာရေးနှင့် သက်ဆိုင်သည့်ကိစ္စဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ရယူရန် လိုအပ်သည့်ကိစ္စဖြစ်သည့်အတွက် အဆိုကို တင်သွင်းရခြင်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၊ နည်းဥပဒေ ၆၆ အရ တင်သွင်းရခြင်းဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) ဦးဇင်မင်းထက်က လွှတ်တော်တွင် ပြောကြားခဲ့သည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအပေါ် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုစနစ်ကိုအကောင်အထည်ဖော် ကျင့်သုံးနိုင်ရေး၊ တိုင်းရင်းသားလူမျိုးစုများ၏ အခြေခံအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရေး၊ နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး ၃ ရပ်တို့ကို ဟန်ချက်ညီပိုင်းခြားသုံးစွဲနိုင်ရေးနှင့် နိုင်ငံတော်၏ ကဏ္ဍအသီးသီးတို့တွင် ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အတွက် ပြင်ဆင် ပြဋ္ဌာန်းပေးရန်လိုအပ်သည့်အချက်များကို ဖြည့်စွက်ပြင်ဆင်ပြဋ္ဌာန်းပေးနိုင်ရန်အတွက် အဆိုပါအဆိုအား တင်သွင်းပါကြောင်းပြောကြားကာ အဆိုတင်သွင်းခဲ့ပြီး အမရပူရ မဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦးက ထောက်ခံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက အဆိုတွင် ထည့်သွင်းရှင်းလင်းခဲ့သည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)ကို ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရန် လေ့လာသုံးသပ်ရေးနှင့် ဥပဒေကြမ်းပြုစုရေးပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့်ဖွဲ့စည်းရန် လွှတ်တော်၏ သဘောထားရယူရာ သဘောတူသဖြင့် ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းရန် သဘောတူအတည်ပြုကြောင်း ကြေညာခဲ့သည်။
