ရောင်ဝါ
၆. ၁၁. ၂၀၂၆
အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ရှော့တိုက်ဒုံးများ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိရာ ယခုလည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ အကြမ်းဖက်အဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အမျိုးသမီးတစ်ဦး သေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားခဲ့ပြန်သည်။


ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၄ ရက် ညနေ ၄ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်တိုက်နယ်ဆေးရုံ၌ ဗုံးသီးပေါက်ကွဲစ ထိမှန်၍ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၁ နာရီတွင် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကျိုက်ထိုမြို့နယ်၊ အခိုက်ကျေးရွာနေ မစုမွန်အောင်(၂၉)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး တစ်ရွာတည်းနေ ဦးစိုးသန်း(၆၇)နှစ်၊ ဒေါ်စု(၆၆)နှစ်၊ ဇီးပြောင်း(၁)ကျေးရွာနေ ဦးဝင်းသိန်း(၅၀)နှစ်နှင့် ဇီးပြောင်း(၃)ကျေးရွာနေ ဒေါ်တင်တင်မူ(၄၀)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ရှော့တိုက်ဒုံးများ၊ Drone ဖြင့် Drop Bomb များ ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။


