
၅.၁၁.၂၀၂၆
Written by Linn Eain
“မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့” (Practice of Thanakha culture in Myanmar) ကို ယူနက်စကို (UNESCO) က လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity) တွင် စာရင်းသွင်းရန်အတွက် ဆုံးဖြတ်ချက်မူကြမ်း သဘောတူလိုက်ကြောင်း မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (MCHT) မှ သိရသည်။
အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းအရ သနပ်ခါးယဉ်ကျေးမှု အဆိုပြုလွှာသည် သတ်မှတ်ထားသော စံနှုန်းများနှင့် ကိုက်ညီမှုရှိကြောင်း Intergovernmental Committee က သုံးသပ်ထားပြီး အဓိက အချက်များကို မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Myanmar Cultural Heritage Trust) ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
အဆိုပါ အချက်များတွင် နေ့စဉ်ဘဝနှင့် လက်ဆင့်ကမ်းမှု (R.1) အနေဖြင့် သနပ်ခါးသည် ကျင့်သုံးသူများ၏ နေ့စဉ်ဘဝတွင် ဟန်ချက်ညီမှု၊ စောင့်ရှောက်မှုနှင့် စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုပြီး ဘာသာရေးဆိုင်ရာ ပွဲလမ်းသဘင်များနှင့် လူမှုရေးလုပ်ငန်းများတွင် အဓိက ပါဝင်ပါ ကြောင်း၊ အသိပညာနှင့် ကျွမ်းကျင်မှုများကို မိသားစုအတွင်း လက်ဆင့်ကမ်းပေးကြပြီး လေ့ကျင့်ရေးများနှင့် ယဉ်ကျေးမှုအစီအစဉ်များကလည်း ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ထိန်းသိမ်းစောင့်ရှောက်ရေး ကြိုးပမ်းမှုများ (R.3) အနေဖြင့် အသိုက်အဝန်းများ၊ ကျင့်သုံးသူများ၊ စိုက်ပျိုးသူများ၊ ရောင်းချသူများ၊ ပညာရေးအဖွဲ့အစည်းများနှင့် အစိုးရဌာနဆိုင်ရာများ ပူးပေါင်း၍ သနပ်ခါးယဉ်ကျေးမှုကို ပညာပေးအစီအစဉ်များ၊ ရပ်ရွာပွဲတော်များနှင့် မီဒီယာများမှတစ်ဆင့် ထိန်းသိမ်စောင့်ရှောက်လျက်ရှိသည်ဟု ဖော်ပြထားသည်။
ဆက်လက်၍ ကျယ်ပြန့်စွာ ပါဝင်ဆောင်ရွက်မှု (R.4) အနေဖြင့် အဆိုပြုလွှာကို လူမှုရေးအဖွဲ့အစည်းများ၊ ယဉ်ကျေးမှုအသင်းအပင်းများနှင့် ဒေသအသီးသီးမှ ပြည်သူများ ပူးပေါင်းပါဝင်သည့် အမျိုးသားစစ်တမ်း၊ အလုပ်ရုံဆွေးနွေးပွဲများဖြင့် ဖွဲ့စည်းပြင်ဆင်ခဲ့ပြီး သက်ဆိုင်သူများထံမှ လွတ်လပ်ပြီး ကြိုတင်သိရှိခွင့်ပြုချက်ရယူခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
စာရင်းသွင်းစုဆောင်းမှု (R.5) အနေဖြင့် သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ၂၀၂၀ ပြည့်နှစ် မတ်လကတည်းက မြန်မာနိုင်ငံ အမျိုးသား ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းခဲ့ပြီး ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက နှစ်နစ်တစ်ကြိမ် ပုံမှန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ မြင်သာထင်ရှားမှုနှင့် အသိပညာတိုးပွားစေခြင်း (R.2) အနေဖြင့် ယခုကဲ့သို့ စာရင်းသွင်းခြင်းအားဖြင့် သနပ်ခါး၏ ယဉ်ကျေးမှု၊ လူမှုရေးနှင့် ရိုးရာအနှစ်သာရများကို ပိုမိုသိရှိစေရန် မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး လူငယ်များထံ အသိပညာများ လက်ဆင့်ကမ်းခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရပ်ရွာလူထုအကြား စည်းလုံးညီညွတ်မှုကို ပိုမိုအားကောင်းစေမှာဖြစ်ကြောင်း အဓိကသုံးသပ်ချက်များကို ဖော်ပြထားသည်။

ထို့ပြင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ရောက်ရေးအတွက် လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်လျက်ရှိရာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ၏ တန်ဖိုးကို ကမ္ဘာ့အလယ်တွင် ပိုမိုထင်ရှားစေမည့် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း MCHT ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က မျှဝေဖော်ပြထားသည်။
“မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့” အဆိုပြုစာတွဲကို နိုဝင်ဘာလ (၃၀) ရက်မှ ဒီဇင်ဘာလ (၅) ရက်အထိ ကျင်းပမည့် 21st Session of the Intergovernmental Committee for the Safeguarding of the Intangible Cultural Heritage (ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာအစိုးရများကော်မတီ၏ (၂၁) ကြိမ်မြောက် အစည်းအဝေး) အစည်းအဝေးတွင် Representative List of the Intangible Cultural Heritage of Humanity ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် ဆုံးဖြတ်ကြမည်ဖြစ်ကြောင်း သိရသည်။
