၅.၁၁.၂၀၂၆
Written by Linn Eain
အယ်လ်နီညို ကာလအတွင်း ရေရှားပါးပြတ်လပ်နိုင်ခြေရှိသည့် ကျေးရွာများကို ကြိုတင်စာရင်း ကောက်ယူထားပြီး သောက်သုံးရေဖြန့်ဝေပေးနိုင်ရေး ခိုင်မာစွာ ကြိုတင်တွက်ချက်ထားရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက နိုဝင်ဘာ ၄ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ကျင်းပသည့် အယ်လ်နီညိုဖြစ်စဉ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးညှိနှိုင်းအစည်းအဝေးတွင် မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရေရှားပါးပြတ်လပ်နိုင်ခြေရှိသည့် ကျေးရွာများကို ကြိုတင်စာရင်းကောက်ယူထားပြီး ရေသန့်စင်ကားများနှင့် ရေသယ်ယာဉ်များဖြင့် သောက်သုံးရေဖြန့်ဝေပေးနိုင်ရေးအတွက် ကျေးရွာ လူဦးရေ၊ ရေလိုအပ်ချက်၊ ရေအရင်းအမြစ်၏ အကွာအဝေး၊ ဖြန့်ဝေရမည့် ရေဂါလန်ပမာဏနှင့် ကြာမြင့်ချိန်၊ စက်သုံးဆီကုန်ကျငွေများကို အချက်အလက်ခိုင်မာစွာ ကြိုတင်တွက်ချက်ထားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက အယ်လ်နီညိုဖြစ်စဉ် ဖြစ်ပွားချိန်တွင် သတင်းရယူမှုသည် အရေးကြီးကြောင်း၊ ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်မတိုင်မီ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို လက်ဦးမှုရယူ၍ ကြိုတင်ပြင်ဆင်စီမံထားကြရန်နှင့် သတင်းရလျှင်ရချင်း အမိန့်ညွှန်ကြားချက် စောင့်ဆိုင်းရန်မလိုဘဲ စီမံချက်ပါအတိုင်း ချက်ချင်းတုန့်ပြန်ဆောင်ရွက်ပေးရန်လိုကြောင်းလည်း မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးနှင့် တာဝန်ရှိသူများက ကျေးလက်ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် အယ်လ်နီညိုကာလအတွင်း သောက်သုံးရေပြတ်လပ်မှု မရှိစေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီပြီးစီးရေး၊ ပြည်သူများ ပူးပေါင်းပါဝင်လာစေရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရေး၊ ပြည်သူဦးဆောင်သော စီမံကိန်းများဖော်ဆောင်ရေးတို့ကို အထူး အလေးထား ဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားခဲ့ကြောင်း သိရသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းချက် များအရ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားအလွန်ကောင်းသော “စူပါအယ်လ်နီညို” အဆင့်သို့ ရောက်ရှိနိုင်ပြီး ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်လက်တည်ရှိကာ မိုးရာသီမစတင်မီအထိ အလွန်အမင်း ပူပြင်း ခြောက်သွေ့သော ရာသီဥတုကို ဖြစ်ပေါ်စေနိုင်ကြောင်း ထုတ်ပြန်ထားသည်။
