၁၂.၄.၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံတွင် ဆုန်ခရန်နှစ်သစ်ကူးပွဲတော် ခရီးသွားအားလပ်ရက်များ၌ ခရီးသွားပြည်သူများနှစ်စဉ်လိုပင် ယာဉ်မတော်တ ဆမှုများကြောင့် သေဆုံးရမှုများ နိုင်ငံတစ်ဝန်းဖြစ်ပေါ်လေ့ရှိရာ ၂၀၂၃ ခုနှစ်၌လည်း ပွဲတော်ခရီးသွားအားလပ်ရက် ခုနှစ်ရက်၏ ပထမဆုံးနေ့ဖြစ်သော ဧပြီလ ၁၁ ရက်တွင် ယာဉ်မတော်တဆမှု ၂၇၈ မှုဖြစ်ပွားခဲ့ကာ သေဆုံးသူ ၂၇ ဦးနှင့်ထိခိုက်ဒဏ်ရာရသူ ၂၈၇ ဦးရှိခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံတစ်ဝန်း ၂၀၂၃ ခုနှစ် ဆုန်ခရန်ပွဲတော်ကာလ၌ ယာဉ်မတော်တဆဖြစ်မှုများကို ခရီးသွားလာမှု လုံခြုံစိတ်ချရရေးအဖွဲ့ငယ်များက နိုင်ငံတစ်ဝန်းမှ သတင်းပို့လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ချော့နာရင် ကတ်ဆွမ်က ဧပြီလ ၁၂ ရက်တွင် ပြောခဲ့သည်။
ပွဲတော်ခရီးသွားအားလပ်ရက် ခုနှစ်ရက်၏ပထမနေ့၌ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ၂၇၈ ခုအနက် အရှိန်လွန်မောင်းနှင်မှုကြောင့် ၃၅ ရာခိုင်နှုန်းနှင့် အခြားကားများရှေ့သို့ ဖြတ်ဝင်မှုကြောင့် ဖြစ်ပွားရမှု ၂၅ ရာခိုင်နှုန်းရှိကာ ယာဉ်မတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းများတွင် အမြင့်မားဆုံးဖြစ်ကြောင်းလည်း သိရသည်။
ယာဉ်မတော်တဆမှုများအနက် ၇၉ ရာခိုင်နှုန်းက မော်တော်ဆိုင်ကယ်များကြောင့်ဖြစ်ပြီး ၈၇ ရာခိုင်နှုန်းကအဓိကလမ်းများပေါ်တွင် ဖြစ်ပွားခဲ့ကြောင်းလည်း ထုတ်ပြန်ချက်များက ဖော်ပြခဲ့သည်။
Ref——Bangkok Post
ပုံစာ။ ထိုင်းနိုင်ငံတွင် ဆုန်ခရန်နှစ်သစ်ကူးပွဲတော် ခရီးသွားအားလပ်ရက်များ၌ အဝေးပြေးလမ်းမကြီးများတွင် ခရီးသွားယာဉ်များဖြင့် ပြည့်ကျပ်နေသည်ကိုတွေ့ရစဉ်