၇.၁၁.၂၀၂၆
Written by Linn Eain
နိုင်ငံတစ်ဝန်းတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ ယာဉ်တိုက်မှု စုစုပေါင်းယာဉ်တိုက်မှု ၂၄၆၅ မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိမှု ၃၃၇၁ မှုနှင့် သေဆုံးမှု ၁၂၉၃ မှု ရှိခဲ့ကာ ၂၀၂၅ ခုနှစ်ကထက် သေဆုံးမှု ၆၆ မှုမြင့်တက်လာကြောင်း တိုင်းဒေသကြီး/ပြည်နယ်များနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ယာဉ်တိုက်မှုအခြေပြဇယားအရ သိရသည်။
၂၀၂၅ ခုနှစ်တွင် ဇန်နဝါရီမှ စက်တင်ဘာအထိ ယာဉ်တိုက်မှုစုစုပေါင်း ၂၃၉၀ မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိမှု ၃၃၆၈ မှု၊ သေဆုံးမှု ၁၂၂၇ မှုရှိခဲ့ရာ နှိုင်းယှဉ်ချက်အရ ၂၀၂၆ ခုနှစ်တွင် ယာဉ်တိုက်မှုဖြစ်ပွားနှုန်းနှင့် သေဆုံး/ဒဏ်ရာရရှိမှုနှုန်း ပိုမိုမြင့်တက်လာကြောင်း သိရသည်။
ထို့ပြင် ၂၀၂၆ ခုနှစ် ယာဉ်တိုက်မှုအခြေပြဇယားအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ယာဉ်တိုက်မှုနှင့် သေဆုံးမှုအများဆုံး ဖြစ်ပွားခဲ့သည့် ဒေသများမှာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ဖြစ်ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာအထိ ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၅၃၂ မှုဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး ဒဏ်ရာရမှု ၆၀၇ မှုနှင့် သေဆုံးမှု ၂၇၇ မှု ရှိခဲ့ကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၃၄၃ မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရမှု ၄၃၀ မှုနှင့် သေဆုံးမှု ၁၉၇ မှု ရှိခဲ့ကြောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၃၇၃ မှဖြစ်ပွားခဲ့ပြီး ဒဏ်ရာရမှု ၅၃၄ ဦးနှင့် သေဆုံးမှု ၁၆၆ မှု ရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၃၇၀ မှု၊ ဒဏ်ရာရမှု ၅၅၇ မှုနှင့် သေဆုံးသူ ၁၄၈ မှုရှိခဲ့ကာ ရှမ်းပြည်နယ်တွင် ယာဉ်တိုက်မှု ၂၂၉ မှု၊ ဒဏ်ရာရမှု ၃၁၄ မှု၊ သေဆုံးမှု ၁၃၃ မှုရှိခဲ့ကြောင်း သိရသည်။
ထို့အတူ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင်လည်း ၂၀၂၆ ခုနှစ် ၉ လတာကာလအတွင်း ယာဉ်တိုက်မှု ၉၇ မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိမှု ၁၅၄ မှုနှင့် သေဆုံးမှု ၆၁ မှုအထိရှိခဲ့ရာ ၂၀၂၅ ခုနှစ်ထက် သေဆုံးမှု ၁၇ မှု ပိုမိုများပြားလာကြောင်း တွေ့ရှိရသည်။




