၇.၁၁.၂၀၂၆
Written by NYL
တရားမဝင် အကောက်ခွန်မဲ့ကုန်ပစ္စည်း ခန့်မှန်းတန်ဖိုး သိန်း ၇၀၀၀ ကျော်ဖိုး တင်ဆောင်လာသည့် ကမ်းရိုးတန်းသွားရေယာဉ်တစ်စီး ဘိုကလေးမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ပြီး အဆိုပါရေယာဉ်ပေါ်ပါ အမျိုးသား ၁၂ ဦးကို ဖမ်းဆီးထားကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်မှုအရ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ခိုင်ခိုင်မိုး-၉ အမည်ရှိ ကမ်းရိုးတမ်းသွားရေယာဉ်ဖြင့် တင်ဆောင်လာသော တရားမဝင်အကောက်ခွန်မဲ့ပစ္စည်းများအား တာဝန်ရှိသူများက နိုဝင်ဘာ ၁ ရက်တွင် ဖမ်းဆီးရမိခဲ့ရာ ၎င်းပစ္စည်းများ ထိန်းသိမ်းထားရှိသည့် ဘိုကလေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ နိုဝင်ဘာ ၅ ရက်၊ နေ့လယ် ၁၂ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးချက်အရ ဖမ်းဆီးရမိပစ္စည်းများမှာ လျှပ်စစ်လူသုံးကုန်ပစ္စည်းများ၊ ဆပ်ပြာပြုလုပ်ရာတွင် အသုံးပြုသည့် ဓာတုကုန်ကြမ်းများ၊ လယ်ထွန်စက်တာယာဘီးများ စုစုပေါင်း(၂၀)မျိုးကို သယ်ဆောင်လာသည့် ရေယာဉ်တစ်စီးတို့ဖြစ်သည်ဟု ဖော်ပြထားပြီး ခန့်မှန်းတန်ဖိုး စုစုပေါင်း ၇၇၁၈ ဒသမ ၄ သိန်းဖြစ်ကြောင်းနှင့် ၎င်းတရားမဝင်ကုန်သွယ်မှုကိစ္စတွင် ပါဝင်ဆောင်ရွက်သည့် အမျိုးသား (၁၂) ဦးကိုလည်း တရားဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ ရေယာဉ်ဖမ်းဆီးရမိသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ နိုဝင်ဘာ ၇ ရက်တွင် ထုတ်ဝေသည့် နိုင်ငံပိုင်းသတင်းစာတွင် ဖော်ပြထားမှုအရ ဘိုကလေးမြို့နယ်၊ ဧရာကျေးရွာအနီး တရားမဝင် ကုန်ပစ္စည်းများ တင်ဆောင်ထားသည့် စက်လှေတစ်စင်းရောက်ရှိ သောင်တင်နေကြောင်း နိုဝင်ဘာ ၁ ရက်တွင် တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့များများမှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ဧရာကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၂၀၀၀ ခန့်အကွာ ပင်လယ်ပြင်၌ အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ တင်ဆောင်ထားသည့် ခိုင်ခိုင်မိုး-၉ အမည်ရှိ အလျား ပေ ၁၀၀၊ အနံ ၂၅ ပေ၊ ရေစူး ၁၅ ပေခန့်ရှိ စက်လှေတစ်စင်းအား တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။
ဆက်လက်၍ ဖမ်းဆီးရမိစက်လှေတွင် စက်လှေပိုင်ရှင်ဖြစ်သူ ဦးဝေမျိုးဟန် (၅၁)နှစ် အပါအဝင် လှေလုပ်သား ၁၁ ဦးနှင့် စုစုပေါင်း ၁၂ ဦးတို့အား အကောက်ခွန်မဲ့ မော်တော်ယာဉ်ဆက်စပ်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းများအပါအဝင် ပစ္စည်းမျိုးစုံ ၂၀ (၁၅၀ တန်ခန့်)အား စစ်ဆေးတွေ့ရှိခဲ့ပြီး ဖမ်းဆီးရမိတရားခံများနှင့် တရားမဝင်ကုန်ပစ္စည်းများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ကာ ပို့ကုန်သွင်းကုန်ဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။



