၇.၁၁.၂၀၂၆
Written by Linn Eain
လမ်းမတော်မြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်တွင် အမျိုးသားတစ်ဦးအား ဓားဖြင့်ထိုးသတ်၍ လုယက်မှုကျူးလွန်ခဲ့သည့် အမျိုးသားသုံးဦးအား သက်သေခံပစ္စည်းများနှင့်အတူ နိုဝင်ဘာ ၅ ရက်က စတင်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ် အမှတ် ၁၁ ရပ်ကွက်နေ ဦးထွန်းထွန်းရီ (၆၃) နှစ်သည် နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းက တစ်ရပ်ကွက်တည်းနေ အစ်မဖြစ်သူ၏ နေအိမ်သို့သွားရောက်စဉ် အမျိုးသားတစ်ဦး လိုက်ပါလာပြီး အသင့်ပါလာသော ဓားဖြင့်ထိုး၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ဦးထွန်းထွန်းရီမှာ ဓားဖြင့် ထိုးသွင်းလျက် ဒဏ်ရာတစ်ချက်ရရှိကာ သေဆုံးသွားခဲ့သဖြင့် အစ်ကိုဖြစ်သူ ဦးချစ်ကိုကိုက ပြစ်မှုကျူးလွန်သူတရားခံအား ဖော်ထုတ်အရေးယူပေးရန် တိုင်တန်းချက်အရ လမ်းမတော်မြို့မရဲစခန်း (ပ)၁၀၂/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုရေးဖွင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးနိုင်ရေး အခင်းဖြစ်ရပုံမှတ်တမ်းများအား စစ်ဆေးဆောင်ရွက်ခြင်း၊ နယ်မြေသတင်းစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူတစ်ဦးဖြစ်သည့် လမ်းမတော်မြို့နယ်၊ (၃) ရပ်ကွက်နေ တရားခံ ဆန်းလင်းအောင် (ခ) ဒိုလေး (၃၉) နှစ်အား နိုဝင်ဘာ ၅ ရက်၊ ညနေပိုင်းတွင် ၎င်း၏ နေအိမ်၌ ပြစ်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် သက်သေခံ ဘဏ်စာအုပ် တစ်အုပ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နိုဝင်ဘာ ၆ ရက်၊ မွန်းလွဲပိုင်းတွင် လသာမြို့နယ်၊ (၆) ရပ်ကွက်နေ ပြစ်မှုကျူးလွန်သူ ဝေဖြိုးအောင် (ခ) ကိုဖြိုး (၄၄) နှစ်အား ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် ရေလဲကလေးကျေးရွာ လှေဆိပ်အနီးတွင် လည်းကောင်း၊ မင်္ဂလာတောင်ညွန့်မြို့ နယ် သိမ်ဖြူမီးရထားရပ်ကွက်နေ ပြစ်မှုကျူးလွန်သူ ဇော်ကြီး (ခ) ဇော်မင်းဦး (၄၂)နှစ် အား လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ (၉) ရပ်ကွက် ဗိုလ်အောင်ကျော်လမ်းရှိ လက်ဖက်ရည်ဆိုင်အနီး၌ ပြစ်မှုကျူးလွန်စဉ်ရရှိခဲ့သည့် Redmi9T အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးဖြင့်လည်းကောင်းဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသည့် ပြစ်မှုကျူးလွန်သူ တရားခံ ဆန်းလင်းအောင် (ခ)ဒိုလေး၊ ဝေဖြိုးအောင်(ခ)ကိုဖြိုးနှင့် ဇော်ကြီး (ခ) ဇော်မင်းဦးတို့ သုံးဦးကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
