သတိုး
၆. ၁၁. ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ကမာရွတ်မြို့နယ်ရှိ တက္ကသိုလ်များနယ်မြေအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
◾ ရန်ကုန်ပညာရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ) (၆)ထပ်စာသင်ဆောင်သစ် တည်ဆောက်ရေးလုပ်ငန်းခွင်
ဦးစွာ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ရန်ကုန်ပညာရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ)အတွင်း (၆)ထပ်စာသင်ဆောင်သစ်တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိကြရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကမာရွတ်နယ်မြေအတွင်း ဇုန်အလိုက် ပညာရေးနှင့် သက်ဆိုင်သည့် သင်ကြားရေးအဆောက်အဦများ၊ အုပ်ချုပ်ရေးအဆောက်အဦများ၊ ဝန်ထမ်းအဆောက်အဦများ၊ကျောင်းသား၊ ကျောင်းသူ အဆောင်များ၊ အားကစားဆိုင်ရာအဆောက်အဦများနှင့် တည်ဆောက်ဆဲ အဆောက်အဦဆိုင်ရာများ၊ ရန်ကုန်ပညာရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ)အတွင်း (၆)ထပ် စာသင်ဆောင်သစ် တည်ဆောက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက အဆောက်အဦသစ်များ တည်ဆောက်ရာတွင် စနစ်တကျနေရာချ၍ တည်ဆောက်သွားရန်လိုပြီး ရေရှည်ကိုကြည့်၍ ဖြစ်ပေါ်လာနိုင်သည်များကို အဘက်ဘက်မှ တွက်ချက်ဆောင်ရွက်သွားကြရန်လို ကြောင်း၊ စာသင်ဆောင်အနေဖြင့် လူအများစုဝေးရောက်ရှိနေမည့် အဆောက်အဦဖြစ်သဖြင့် သဘာဝဘေးအန္တရာယ်များနှင့် အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက ဘေးအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် ပတ်သက်၍လည်း ထည့်သွင်းတွက်ချက် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် (၆)ထပ် စာသင်ဆောင်သစ် တည်ဆောက် ရေးလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည် များ လမ်းညွှန်မှာကြားသည်။




◾ တက္ကသိုလ်များပုံနှိပ်တိုက်
ယင်းနောက် တက္ကသိုလ်များပုံနှိပ်တိုက် သို့ရောက်ရှိကြပြီး ပုံနှိပ်တိုက်အတွင်း စာအုပ်စာစောင်များ ရိုက်နှိပ်ချုပ်လုပ်နေမှုနှင့် ပုံနှိပ်တိုက်မှရိုက်နှိပ် ထုတ်လုပ်ထားသည့် စာအုပ်စာစောင်များအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် စာအုပ်စာစောင်များကို စနစ်တကျဖြင့် အချိန်မီရိုက်နှိပ်ထုတ်ဝေနိုင်ရေးအတွက် တက္ကသိုလ်များပုံနှိပ်တိုက်မှ ကြိုးပမ်းဆောင်ရွက်သကဲ့သို့ အခြားဝန်ကြီးဌာနများမှ ပုံနှိပ်လုပ်ငန်းများနှင့် ဆက်စပ်ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
◾ တက္ကသိုလ်များအားကစားကွင်း
ဆက်လက်ပြီး တက္ကသိုလ်များ အားကစားကွင်းနှင့်ပွဲကြည့်စင်များ အဆင့်မြှင့် တင်တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှုအခြေ အနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက အားကစားကွင်းနှင့် ပွဲကြည့်စင်များ အဆင့်မီမီဖြစ်စေရေး စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပမှုရှိစေရေးနှင့် လေဝင်လေထွက်ကောင်းမွန်မှုရှိစေရေးအတွက်လည်း သန့်ရှင်းရေးလုပ်ငန်းများ၊ အလင်းဖွင့်ခြင်းလုပ်ငန်းများ၊ အောက်ခြေရှင်းခြင်းလုပ်ငန်း များကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
◾ တက္ကသိုလ်များရေကူးကန်
ထို့နောက် တက္ကသိုလ်များရေကူးကန်သို့ရောက်ရှိပြီး ရေကူးကန်အဆင့်မြှင့်တင်ရေး ဆောင်ရွက်သွားမည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက တက္ကသိုလ်များရေကူးကန်အား တက္ကသိုလ်အဆင့်နှင့်လျော်ညီစွာဖြင့် ပြုပြင်တည်ဆောက်သွားရန်၊ ထိုသို့ ဆောင်ရွက်ရာတွင် ရေဆိုးထုတ်စနစ်များကိုလည်း စနစ်တကျ ထည့်သွင်းတည်ဆောက်သွားရန် နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
◾ တက္ကသိုလ်များဆေးရုံ
ယင်းနောက် တက္ကသိုလ်များဆေးရုံသို့ ရောက်ရှိကြပြီး ဓာတ်ခွဲခန်း၊ သွားရောဂါ ကုသမှုဌာနနှင့် မျက်စိရောဂါကုသမှုဌာနတို့အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှုနှင့် လူနာဆောင်များ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ကျန်းမာရေးစောင့်ရှောက်မှုများ လာရောက်ခံယူကြသည့် ပြည်သူများ၊ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ ကြောင်း သတင်းရရှိသည်။
