၁၆. ၁၂. ၂၀၂၄
Written by Nyein Kyaw
ဂျပန်ကုမ္ပဏီများက မြန်မာလုပ်သား ၁,၁၃၀ ကျော်အား တရားဝင်ခေါ်ယူရန် အလုပ်ကမ်းလှမ်းစာ ၄၀၃ ခုဖြင့် ဖိတ်ခေါ်ထားကြောင်း တိုကျိုမြို့ရှိ မြန်မာ နိုင်ငံဆိုင်ရာဂျပန်သံရုံးက ယနေ့တွင် အသိပေး ထုတ်ပြန်ထားသည်။
မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိသည်။
မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာ လက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့အထိ လက်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ ၄၀၃ ခုနှင့် ပတ်သက်သည့် အချက်အလက်များအား အသိပေးထုတ်ပြန်
ထားသည်။ အဆိုပါ အလုပ်ကမ်းလှမ်းစာ ၄၀၃ ခုတွင် အလုပ်သမားဦးရေ ၁,၁၃၀ ကျော်အတွက် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။
စာရွက်စာတမ်း၊ အချက်အလက်များ ပေးပို့နိုင်ရန် ကုမ္ပဏီ ၂၀၈ ခု၏ စာရင်းကိုလည်း ပူးတွဲပါ ထုတ်ပြန်ချက် (49/2024) အနေဖြင့် ထုတ်ပြန်ထားပြီး ထုတ်ပြန်သည့်စာရင်းတွင် ဖော်ပြပါရှိသည့် ကုမ္ပဏီများအနေဖြင့် Demand Letter စိစစ်နိုင်ရန်အတွက် သက်ဆိုင်ရာ အချက်အလက်များကို တိုကျိုမြို့ရှိ မြန်မာသံရုံးသို့ စာတိုက်မှတစ်ဆင့် ပေးပို့ရန်လည်း အသိပေးထားသည်။ ကြေညာချက် မထွက်မီကတည်းက ကြိုတင်ပေးပို့ထားသည့် စာရွက်စာတမ်း၊ အချက်အလက်များသည် အကျုံးဝင်မှုမရှိကြောင်း ဖော်ပြထားသည်။