ရောင်ဝါ
၇. ၁၁. ၂၀၂၆
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၉ နာရီအချိန် သတင်းအရ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်အနီးတွင် မျိုးနိုင်ဝင်း(ခ)ကိုမျိုး မောင်းနှင်ပြီး မခင်မိမိစိုး နှင့် မထက်ထက် တို့ ၂ ဦး လိုက်ပါလာသော PAJERO အမျိုးအစား မော်တော်ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၁၁ ဒသမ ၃ သိန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၂ ဒသမ ၂၆ ဘီလီယံ)အား ဖမ်းဆီးရမိခဲ့သည်ဟု မူးယစ်ဆေးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
စစ်ဆေးပေါ်ပေါက်ချက်အရ ယင်းနေ့တွင် စိတ်ကြွဆေးပြားများ ပို့ဆောင်ပေးသူများဖြစ်သည့် စိုင်းမျိုးနိုင်(ခ)ကိုမိုး အား ကျောက်မဲမြို့၊ ရပ်ကွက်(၉)ရှိနေအိမ်၌လည်းကောင်း၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် ကော့ကရိတ်မြို့၊ တံတားကျိုးကျေးရွာအနီး၌ ရဲကိုကိုဝင်း အား စိတ်ကြွဆေးပြားများ သယ်ဆောင်ရာတွင်အသုံးပြုသည့် AD VAN မော်တော်ယာဉ် ၁ စီးနှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးသို့ သယ်ဆောင်ရောင်းဝယ်ရာတွင် အဓိကစီမံခန့်ခွဲသူမှာ ဝမ်းဟိုင်းရွာနေ ကိုလတ်(ခ)အားတီ(ဖမ်းဆီးရန်ကျန်)ဖြစ်ပြီး ၎င်း၏စီမံမှုဖြင့် ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းမှ မန္တလေးသို့ စိုင်းမျိုးနိုင်(ခ)ကိုမိုး နှင့် ရဲကိုကိုဝင်း တို့မှ သယ်ဆောင်ပြီး မန္တလေးမှကလေးသို့ မျိုးနိုင်ဝင်း(ခ)ကိုမျိုး တို့မှ ဆက်လက်သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
