၆.၁၂.၂၀၂၅
Written by NYL
ပုသိမ်မြို့နယ်ရှိ ကျေးရွာအုပ်စု နှစ်ခုနှင့် သာပေါင်းမြို့နယ်ရှိ ကျေးရွာအုပ်စု နှစ်ခုတွင် ရွေးကောက်ပွဲကျင်းပခြင်းမပြုဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ဒီဇင်ဘာ ၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကြေညာချက်အမှတ် ၁၆၄/၂၀၂၅၊ ဒီဇင်ဘာ ၅ ရက်စွဲဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်းကို ကျေးရွာအမည်များဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
၂ဝ၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၁) နှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၂) တို့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဖော်ပြထားသည့် နယ်မြေများ၌ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲများ ကျင်းပခြင်းပြုမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁ဝ (စ) အရ ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်း သိရသည်။
ကြေညာချက်အရ ရွေးကောက်ပွဲ အပိုင်း (၁)တွင် ပုသိမ်မြို့နယ်ရှိ ဘောမိကျေးရွာအုပ်စုနှင့် မကျီးဇင်ကျေးရွာအုပ်စု၊ ရွေးကောက်ပွဲ အပိုင်း(၂) တွင် သာပေါင်းမြို့နယ်ရှိ ကျွန်းလျှားကြီးကျေးရွာအုပ်စုနှင့် သစ်ဖြူကျေးရွာအုပ်စုတို့တွင် ရွေးကောက်ပွဲကျင်းပမည် မဟုတ်ကြောင်း ထုတ်ပြန်မှုအရ သိရသည်။
