၆.၁၂.၂၀၂၅
Written By Thandar
လာမယ့် ၂၀၂၆ ခုနှစ်မှာ နေပြည်တော်မှာ ကျင်းပမယ့် ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီဆုရရှိမယ် ဇာတ်ကားတွေကို ကြိုတင်စာရင်းမပေါက်ကြားအောင် အကောင်းဆုံးကြိုတင်ပြင်ဆင်သွားမယ်လို့ အကယ်ဒမီ စိစစ်ရွေးချယ်ရေး ဥက္ကဋ္ဌ ဦးဇော်မြင့်ဦးက ပြောပါတယ်။
“တစ်နိုင်ငံလုံးမှာ တစ်ပြိုင်နက်ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို အကုန်လုံးကို အကယ်ဒမီ စိစစ်ပြီးတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ကြည့်ရှုစစ်ဆေးမှုတွေကို လုပ်ဆောင်နေပါတယ်။ ဇာတ်ကားတွေကို အဆင့်ဆင့် စိစစ်ပြီးတော့ ကြည့်ရှုမှာပါ။ ဇာတ်ကားတွေကို ဘယ်ဇာတ်ကားနဲ့ အကယ်ဒမီဆုရမယ်ဆိုတာကို ပေါက်ကြားမှုမရှိအောင် သေချာစိစစ်ပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဘယ်လိုမှ ကြိုတင်ပေါက်ကြားတာ မဖြစ်အောင် မနှစ်က သက်သေပြနိုင်ခဲ့ပါတယ်။ ဒီနှစ်လည်း ကျွန်တော်တို့က သေချာကြပ်မတ်ပြီး ဆောင်ရွက်သွားမှာပါ။ ပရိသတ်နဲ့ အကြိုက်ချင်းတူ ထပ်တူကြမလားဆိုကတော့ အကယ်ဒမီစင်မြင့်ထက်မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်”လို့ အကယ်ဒမီ စိစစ်ရွေးချယ်ရေး ဥက္ကဋ္ဌ ဦးဇော်မြင့်ဦးက MT Entertainment ကို ပြောပါတယ်။


အကယ်ဒမီဆုအတွက် ၂၀၂၅ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ဇာတ်ကားပေါင်း ၇၀ ကျော်ကို အဆင့် ၃ ဆင့်အနေနဲ့ ကြည့်ရှုစစ်ဆေးမယ်လို့ သိရပါတယ်။ အကယ်ဒမီဇာတ်ကားတွေ အကဲဖြတ်အဖွဲ့ဝင်အနေနဲ့ အကယ်ဒမီဆု ရရှိထားသူ အသိပညာရှင်၊ အတတ်ပညာရှင်တွေက ဝိုင်းဝန်းကြည့်ရှုစစ်ဆေးပေးသွားမယ်လို့ သိရပါတယ်။
ပထမအဆင့်ကနေ ဒုတိယအဆင့် ရွေးချယ်လိုက်တဲ့ ဇာတ်ကားတွေကို ကြည့်ရှုစစ်ဆေးချိန်မှာ အဆိုပါဇာတ်ကားတွေမှာ ပါဝင်သူ အနုပညာရှင်တွေက အကဲဖြတ်ခြင်းကနေ ထွက်ပေးရမယ်လို့ သိရပါတယ်။ ဒုတိယအဆင့်ကြည့်ရှုပြီးတဲ့ ဇာတ်ကားတွေထဲက အကယ်ဒမီဆုအတွက် ဒွိဟဖြစ်စရာ ရွေးချယ်ရခက်နေတဲ့ ဇာတ်ကားကိုတော့ တတိယအဆင့် ဆက်လက်ကြည့်ရှုစစ်ဆေးသွားမယ်လို့ သိရပါတယ်။
“မင်းသား မင်းသမီးတွေရဲ့ သရုပ်ဆောင်ပိုင်းအပြိုင်ဖြစ်နေတဲ့ ဇာတ်ကားတွေဆိုရင်တော့ ဘယ်သူ့ သရုပ်ဆောင်မှု့ ပိုကောင်းလဲဆိုတာ အပြိုင်စစ်ရမယ်။ ဓာတ်ပုံပိုင်းပဲဖြစ်ဖြစ် တည်းဖြတ်ပိုင်းပဲဖြစ်ဖြစ် ဒီလိုပဲ သတ်မှတ်ပြီး စစ်ဆေးရမှာပါ”လို့ ဦးဇော်မြင့်ဦးက ဆက်လက်ပြောပါတယ်။
