၆.၁၂.၂၀၂၅
Written by Linn Eain
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထပ်မြင့်အဆောက်အအုံများတွင် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ရေး ပူးပေါင်းဇာတ်တိုက်လေ့ကျင့်ခြင်းကို ဒီဇင်ဘာ ၅ ရက်က ရန်ကုန်မြို့၊ Times City Complex တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ သဏ္ဌာန်တူဖြစ်စဉ်ဖြင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ အထူးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့ဝင်များ၊ Times City Complex မှ တာဝန်ရှိသူများပူးပေါင်း၍ နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဇာတ်တိုက်လေ့ကျင့်ရာတွင် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၂၁၀ ဦး၊ ပိုလန်နိုင်ငံထုတ် အထပ်မြင့် အဆောက်အဦများ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသုံး ခေတ်မီအဆင့်မြင့်ယာဉ်များဖြစ်သော 48 Meter Hydraulic Platform Vehicle ၂ စီး၊ Medium Fire Fighting & Rescue Vehicle ၂ စီး၊ LUF 60 ၄ စီး၊ LUF NANO ၃ စီး၊ Mil-Truck ၃ စီး၊ မီးသတ်ရေသယ်ယာဉ် ၆ စီး၊ Ambulance ယာဉ် ၃ စီး ထုတ်နုတ်အသုံးပြုပြီး အထပ်မြင့်အဆောက်အအုံရှိ မီးလောင်မှုဖြစ်ပွားသည့်အခန်းအား မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ Fireman Lift အသုံးပြုဝင်ရောက်ခြင်းတို့ လေ့ကျင့်ခဲ့ကြသည်။
ထို့နောက် 48 Meter Hydraulic Platform Vehicle အသုံးပြု၍ မီးငြှိမ်းသတ်ခြင်းနှင့် မီးလောင်မှုအတွင်း ပိတ်မိနေသူများအား ဘေးလွတ်ရာသို့ ကယ်ဆယ်ရွှေ့ပြောင်းခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများအား မီးသတ်ဦးစီးဌာနရှိ EMS (Emergency Medical Services) အဖွဲ့မှ ရှေးဦးသူနာပြုစု၍ Ambulance ယာဉ်များဖြင် နီးစပ်ရာဆေးရုံဆေးခန်းများသို့ ပို့ဆောင်ပေးခြင်း၊ LUF 60 နှင့် LUF NANO တို့ကို အသုံးပြု၍ မီးလောင်မှုအား တိုက်ရိုက်ငြှိမ်းသတ်ခြင်း၊ အပူရှိန်လျှော့ချခြင်းများကို သဏ္ဌာန်တူဖြစ်စဉ်ဖွင့် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်စဉ် တစ်ခုခုနှင့်ကြုံ တွေ့ရခြင်းသော်လည်းကောင်း၊ အဆောက် အအုံအတွင်း နေထိုင်အသုံးပြုသူ တစ်ဦးတစ်ယောက်၏ ပေါ့လျော့မှုကြောင့်သော်လည်းကောင်း၊ အခြားသောအကြောင်း အချင်းအရာတစ်ခုခုကြောင့်သော်လည်းကောင်း Times City Complex ကဲ့သို့သော အထပ်မြင့်အဆောက်အအုံများ၌ မီးလောင်မှုဖြစ်ပွားပေါ်ပေါက်ပါက အချိန်နှင့်တစ်ပြေးညီ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။












