၆.၁၂.၂၀၂၅
Written by NYL
၂၀၂၅ ရွေးကောက်ပွဲတွင် ပြည်သူများက မဲပေးခြင်းဖြင့် မိမိအာဏာကို ပြန်ယူရန်တိုက်တွန်းကြောင်း ပြည်ခိုင်ဖြိုးပါတီမှ ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာနန္ဒာလှမြင့်က ကလောမြို့နယ်၊ အမှတ် (၈) ရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများနှင့် ဒီဇင်ဘာ ၆ ရက်တွင် တွေ့ဆုံမဲဆွယ်စည်းရုံးရာ၌ ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်သူသို့ အာဏာပြန်ပေးတော့မည့်အချိန် ပြည်သူများကလည်း ပူးပေါင်းပါဝင်ပြီး မဲပေးရမည်ဖြစ်ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ပြောကြားခဲ့သည်။
“ပြည်သူကို အာဏာပြန်ပေးတော့မယ်။ အဲဒီလို ပြည်သူကို အာဏာပြန်ပေးတော့မဲ့အချိန်မှာ ကျွန်တော်တို့ပြည်သူတွေက ပူးပေါင်းပါဝင်လာဖို့ လိုတာပေါ့။ ဆိုတော့ အခု ဒီရွေးကောက်ပွဲမှာ ကျွန်တော်တို့ပြည်သူတွေက မဲပေးခြင်းအားဖြင့် မိမိအာဏာကို မိမိပြန်ယူဖို့ ကျွန်တော်တိုက်တွန်းချင်တယ်။ မဲပေးပြီးတော့မှ ပြည်သူ့အာဏာကို ပြန်ယူပြီးတော့မှ ပြည်သူ့ကိုယ်စားလှယ်တွေဆီကနေတစ်ဆင့် မိမိဒေသရဲ့ လိုအပ်ချက်တွေ၊ မိမိရဲ့ လိုအပ်ချက်တွေကို တောင်းဆိုသွားလို့ ရပြီဆိုတာကို ကျွန်တော်အသိပေးချင်တာ။ ဒါကြောင့် ကျွန်တော်တို့ရပ်ကွက်သူ၊ ရပ်ကွက်သားတွေအားလုံး သေချာပေါက် မဲပေးပေးပါလို့ မေတ္တာရပ်ခံချင်တယ်” ဟု ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။
ရှမ်းပြည်နယ်၊ ကလောမြို့သားတစ်ယောက်အနေဖြင့် ကလောမြို့ကိုချစ်၍ ယခုကဲ့သို့ ရွေးချယ်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
“မဲပေးရင်လည်း ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီကို မဲပေးပေးပါ။ ကျွန်တော်ကိုယ်တိုင် ကလောကိုချစ်လို့၊ ကလောသားအစစ်၊ ကလောကိုချစ်လို့ ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ရွေးချယ်ခံခြင်းဖြစ်ပါတယ်”လို့ ဒေါက်တာနန္ဒာလှမြင့်က ထပ်မံပြောကြားခဲ့သည်။
ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာနန္ဒာလှမြင့်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးလည်းဖြစ်သည်။
ကလောမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာနန္ဒာလှမြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာကျော်ထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း(FPTP) ဦးခွန်ထွန်းဖြူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း (PR) ဒေါ်နဒီစိုးနှင့် ဗမာတိုင်းရင်းသားကိုယ်စားပြု ကိုယ်စားလှယ် ဒေါ်ခင်ထွေးအောင်တို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။




