၆.၁၂.၂၀၂၅
Written By Thandar
The Model Of Myanmar Model Agency က နှစ်စဉ်ကျင်းပလျက်ရှိတဲ့ ၂၀၂၅ ခုနှစ် တတိယအကြိမ်မြောက်ကျင်းပမယ့် Mr & Miss Culture Myanmar ပြိုင်ပွဲကြီးအတွက် ရန်ကုန်ကိုယ်စားပြုအနေနဲ့ ရွေးချယ်ပေးဖို့ ပြိုင်ပွဲဝင် အလှမောင်/မယ်တွေ စတင်လျှောက်လွှာခေါ် ယူနေလျက်ရှိတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့အနေနဲ့ Mr & Miss Culture International ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့်သူတွေကို ဖိတ်ခေါ်နေတာလည်းဖြစ်ပါတယ်။ နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိပြီးတော့ ခုကတော့ တတိယအကြိမ်မြောက်အတွက် ပြိုင်ပွဲဝင်တွေကို ခေါ်ယူတာလည်းဖြစ်ပါတယ်။ ကိုယ့်နိုင်ငံက ရွက်ပုန်းသီး အလှမောင်/မယ်တွေကို ပြည်ပအထိ လျှောက်လှမ်းပြီးတော့ ယှဉ်ပြိုင်စေချင်တာပါ။ ကိုယ်နိုင်ငံက ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို သိစေချင်တဲ့ ရည်ရွယ်ချက်လည်း ပါပါတယ်။ ပြိုင်ပွဲအတွက် သတ်မှတ်ထားတဲ့ စည်းကမ်းချက်ကို လိုက်နာရမှာပါ”လို့ The Model Of Myanmar Model Agency National Director အလင်းခေတ်က MT Entertainment ကို ပြောပါတယ်။


အဆိုပါ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လိုသူတွေအနေနဲ့ အသက် ၁၆ နှစ်ကနေ အသက်၂၈ နှစ်အတွင်းရှိသူ အမျိုးသား အရပ် ၅ ပေ ၅ အထက်၊ အမျိုးသမီး အရပ် ၅ ပေ ၂ အထက်ရှိသူ၊ ပညာအရည်အချင်းအနေနဲ့ အနည်းဆုံး အထက်တန်းအဆင့်ရှိသူ မပိန်လွန်း၊ မဝလွန်း ခန္ဓာကိုယ်ပြေပြစ်သူ၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူ၊ The Model Of Myanmar Model Agency အေဂျင်စီရဲ့ စည်းကမ်းများလိုက်နာနိုင်သူနဲ့ ပြင်ပအေဂျင်စီတွေနဲ့ စာချုပ် ချုပ်ဆိုထားခြင်းမရှိသူ ဖြစ်ရမယ်လို့ သိရပါတယ်။
ပြိုင်ပွဲဝင် အတွေ့အကြုံမရှိသူတွေကိုလည်း အေဂျင်စီမှ အခြေခံ Catwalk နဲ့ knowledge တွေကို အခမဲ့ သင်ကြားပေးသွားမှာဖြစ်ပြီး ရွေးချယ်ခံရပါက Training အတွက် အချိန်ပေးနိုင်ရမယ်လို့ ဆိုပါတယ်။
ဒါ့ပြင်၂၀၂၆ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပသွားမယ့် Mr & Miss Culture Myanmar 2027 ပွဲကြီးမှာ မြို့အလိုက်ကိုယ်စားပြုအနေနဲ့ Grand Final ပွဲကြီးကျင်းပပြီး Winner ရရှိသူ အလှမောင်/မယ်တွေက အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် Mr & Miss Culture International 2027 ပွဲကြီးမှာ နိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
“၂၀၂၅ ခုနှစ်မှာတော့ ရှင်းသန့်မောင်နဲ့ ဝင်းရွှေရောင်တို့သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး Third Runner Up ဆုတွေရရှိခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ လာမယ့် ၂၀၂၆ ခုနှစ် ဇွန်လမှာ ကျင်းပမယ့် Mr & Miss Culture International ပွဲကြီးမှာတော့ မြန်မာကိုယ်စားပြု အလှမောင်/မောင်တွေဖြစ်ကြတဲ့ သန့်ထူးမော်နဲ့ နာနိုတို့က ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်”လို့ သူက ဆက်လက်ပြောပါတယ်။
