၆.၁၂.၂၀၂၅
Written by Nay Yaung Lin
ပြည်ခိုင်ဖြိုးပါတီမှ စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသက်ပုံသည် စစ်ကိုင်း – မင်းကွန်းကားလမ်းပေါ်ရှိ ကျေးရွာများ၊ စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်မှ မဲဆန္ဒရှင်များနှင့် ဒီဇင်ဘာ ၅ ရက်က သွားရောက်တွေ့ဆုံကာ ကိုယ်စားလှယ်လောင်း မိတ်ဆက်ခဲ့ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသက်ပုံသည် တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြင့် လုပ်သက်ပြည့် အငြိမ်းစားယူခဲ့သူတစ်ဦးလည်းဖြစ်ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်း တာ၀န်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသက်ပုံနှင့်အတူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမင်းမင်းဇေယျာမြင့်လည်း လိုက်ပါမိတ်ဆက်ခဲ့ပြီး နံနက်ပိုင်းတွင် စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မင်းကွန်းကားလမ်းမပေါ်ရှိ ဝါးချက်၊ အာလောင်၊ ပယ်ငါးဆယ်ကျေးရွာများသို့ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့ သောတာပန်ရပ်ကွက်နေ မဲဆန္ဒရှင် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပြီး မဲပေးနည်းစနစ်ကို ရှင်းလင်းပြသခြင်း၊ ကိုယ်စားလှယ်လောင်း မိတ်ဆက်ခြင်းနှင့် ဒေသခံ ပြည်သူလူထု၏ အခက်အခဲများကို မှတ်သားကာ ပြန်လည်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။





ထို့ပြင် ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းကလည်း စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက်၊ ရွှေမင်းဝံစျေးကြီးတွင် မဲဆန္ဒရှင် စျေးဆိုင်ပိုင်ရှင်များ၊ စျေးသူစျေးသားများနှင့်တွေ့ဆုံကာ ကိုယ်စားလှယ်လောင်း မိတ်ဆက်လွှာများ ပေးအပ်မိတ်ဆက်ခဲ့ပြီး မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့ ထုံးဘိုရပ်ကွက်နေ မဲဆန္ဒရှင် ဒေသခံပြည်သူများနှင့် တွေ့ဆုံမိတ်ဆက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသက်ပုံ၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းတင့်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းမင်းဇေယျာမြင့်၊ ဦးသော်နိုင်ဦး (တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း PR)တို့ ဖြစ်သည်။
စစ်ကိုင်းမြို့နယ်၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း ဦးသက်ပုံသည် ၁၉၈၃ ခုနှစ်တွင် စစ်ကိုင်းမြို့ အထက (၁) မှ ၁၀ တန်း အောင်မြင်ခဲ့ပြီး မန္တလေးတက္ကသိုလ်တွင် သင်္ချာမေဂျာအထူးပြုဖြင့် တက္ကသိုလ် ပထမနှစ်တက်ရောက်နေရင်း စစ်တက္ကသိုလ်ဝင်ခွင့်ဖြေကာ အောင်မြင်သည့်အတွက် စစ်တက္ကသိုလ်သို့ ပြောင်းရွှေ့တက်ရောက်ခဲ့သည်။
ထို့နောက် ၁၉၈၄ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၉) သို့ စတင် တက်ရောက်ခဲ့ပြီး တပ်မတော် (ကြည်း) ၌ ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခံရကာ ၁၉၈၄ မှ ၂၀၂၅ ခုနှစ်ထိ (၄၁) နှစ်ကြာ တပ်မတော်သား ဘဝဖြင့် မြန်မာနိုင်ငံအနှံပြောင်းရွှေ့အမှုထမ်းပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ကာ ၂၀၁၆ ခုနှစ် တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၏ လုံခြုံရေးတာဝန်များ ထမ်းဆောင်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် တပ်မတော်(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် လုပ်သက်ပြည့်အငြိမ်းစားယူခဲ့ကြောင်း ကိုယ်စားလှယ်လောင်းမိတ်ဆက်လွှာတွင် ဖော်ပြထားသည်။





