၂၆.၁၁.၂၀၂၆
Written by Linn Eain
နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ခုထက်ပိုမိုကိုင်ဆောင်သူများ၊ အိမ်ထောင်စုလူဦးရေစာရင်း တစ်နေရာမက ပါဝင်နေသူများ ယခုအချိန်ထိ ရှိနေဆဲဖြစ်၍ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား ညှိနှိုင်းပယ်ဖျက်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက နိုဝင်ဘာ ၂၅ ရက်တွင် အသိပေးကြေညာခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆) တစ်ခုထက် ပိုမိုကိုင်ဆောင်ထားပါက သက်ဆိုင်ရာမြို့နယ် လဝကရုံးသို့ပြန်လည်အပ်နှံရန် မိဘပြည်သူများသိရှိဆောင်ရွက်နိုင်ရေးအတွက် ရုပ်မြင်သံကြားနှင့် နိုင်ငံပိုင်သတင်းစာများတွင် မကြာခဏအသိပေးကြေညာခဲ့ပြီးဖြစ်ကြောင်း သိရသည်။

e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြု ကတ်တစ်မျိုးမျိုးကိုင်ဆောင်သူ (၅၂) သန်းကျော်အား e-ID Server တွင် စာရင်းသွင်းပြီးဖြစ်ရာ ယခုအချိန်အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ခုထက်ပိုမိုကိုင်ဆောင်သူများ၊ အိမ်ထောင်စုလူဦးရေစာရင်း တစ်နေရာမကပါဝင်နေသူများ ရှိနေဆဲဖြစ်ကြောင်းကို စိစစ်တွေ့ရှိရကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ အသိပေးကြေညာချက်အရ သိရသည်။
၎င်းတို့အနေဖြင့်-သက်ဆိုင်ရာမြို့နယ်လဝကရုံးသို့ ကိုယ်တိုင်သွားရောက်၍ ပယ်ဖျက်လိုသည့် နိုင်ငံသား/ ဧည့်နိုင်ငံသား/နိုင်ငံသားပြုခွင့် စိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းများအား ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား၍ ညှိနှိုင်းပယ်ဖျက် ဆောင်ရွက်ကြရန် အသိပေးတိုက်တွန်းနှိုးဆော်ကြောင်း သိရသည်။
ထို့ပြင် သတ်မှတ်ထားသည့် ဒီဇင်ဘာ ၃၁ ရက်အထိ ဆောင်ရွက်ခြင်းမရှိသည့် နိုင်ငံသား/ဧည့်နိုင်ငံသား/ နိုင်ငံသားပြုခွင့် စိစစ်ရေးကတ်၊ အိမ်ထောင်စုလူဦးရေစာရင်း တစ်ခုထက်ပိုမို ကိုင်ဆောင်သူများအား နောက်ဆုံးထုတ်ယူခဲ့သော နိုင်/ ဧည့်/ ပြု ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းကိုသာ အတည်ပြု၍ ယခင်ကိုင်ဆောင်ခဲ့သည့် နိုင်/ ဧည့်/ ပြု ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း အပိုများအား ပယ်ဖျက်စာရင်းသွင်းခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက မိဘပြည်သူများသို့ အသိပေးကြေညာချက်အနေဖြင့် ထုတ်ပြန်ခဲ့သည်။
