သက်တံ့
၂၆. ၁၁. ၂၀၂၆
ရုရှားရေတပ် Pacific Fleet မှ ဖရီးဂိတ်စစ်ရေယာဉ် Marshal Shaposhnikov၊ ကော်ဗက်စစ်ရေယာဉ် Admiral Tributs နှင့် ထောက်ပံ့ရေးရေယာဉ် Pechenga တို့သည် မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် မြန်မာ-ရုရှားရေကြောင်း လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီး လည်ပတ်ရန် ယမန်နေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာရာ တပ်မတော်(ရေ) မှအရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ရုရှားရေတပ်မှ ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Aleksei Anatolievich Kiiashko၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါရုရှားရေတပ် Pacific Fleet မှ စစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် လိုက်ပါလာသော စစ်ရေယာဉ်စုမှူး ဗိုလ်ချုပ် Evgenii Nikolaevich Niasoedov နှင့် အရာရှိ၊ စစ်သည်များသည် ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ လည်ပတ်ခြင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေး အားကစားပြိုင်ပွဲများပြုလုပ်ခြင်းနှင့် ဆိပ်ကမ်းအခြေပြု လေ့ကျင့်ခန်း (Harbour Phase) များပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရုရှားနိုင်ငံပိုင် Tass သတင်းဌာန၏ ဖော်ပြချက်အရသင်္ဘောများ ရောက်ရှိပြီး ရက်အနည်းငယ်အတွင်း ရေတပ်စစ်ရေးလေ့ကျင့်မှု အဆင့်များကို စီစဉ်ရေးဆွဲသွားမည်ဖြစ်ပြီး ရုရှား-မြန်မာ Marumex 2026 စစ်ရေးလေ့ကျင့်မှု၏ ကမ်းခြေအခြေပြုလေ့ကျင့်ခန်း အဆင့်နှင့်အတူ တရားဝင်ဖွင့်ပွဲအခမ်းအနားကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် အတိအကျ ဖော်ပြထားသည်။
ကမ်းခြေအခြေပြုလေ့ကျင့်ခန်း အဆင့်ပြီးဆုံးပါက ရုရှားနှင့် မြန်မာရေတပ်သင်္ဘောများသည် ကပ္ပလီပင်လယ်ပြင်အတွင်း တပ်ဖြန့်ချထားမှုနှင့် ရေကြောင်းစစ်ကစားမှုများကို လေ့ကျင့်ကြမည်ဖြစ်ပြီး လေကြောင်းရန်ကာကွယ်ရေးနှင့် ရေမြှုပ်မိုင်းရှင်းလင်းရေးဆိုင်ရာ တိုက်ခိုက်ရေးလေ့ကျင့်ခန်းများကိုလည်း လုပ်ဆောင်ကြမည်ဖြစ်သည်။ ထို့ပြင် အကြမ်းဖက်သမားများအဖြစ် သရုပ်ဆောင်ထားသူများ ဖမ်းဆီးထိန်းသိမ်းထားသည့် သင်္ဘောတစ်စင်းကို ပြန်လည်ကယ်တင်သည့် လေ့ကျင့်ခန်းကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားရေတပ်၏ ရေယာဥ်စု သတင်းပြန်ကြားရေးရုံးက ဆိုသည်။
ယခုပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ရေတပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ခိုင်မာအားကောင်းစေရန်အပြင် အရှေ့တောင်အာရှ ပင်လယ်ပြင်နယ်မြေများအတွင်း ရေကြောင်းသွားလာမှု ဘေးကင်းလုံခြုံရေးနှင့် ပင်လယ်ရေကြောင်း စီးပွားရေးလုပ်ငန်းများ လုံခြုံချောမွေ့စေရေးဆိုင်ရာ ကိစ္စရပ်များကို လေ့ကျင့်ရန် ရည်ရွယ်ကြောင်းလည်း ဖော်ပြထားသည်။
Ref: CINCDS & Tass
