သက်တံ့
၂၅. ၁၁. ၂၀၂၆
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ဒေသခံ ၄ ဦးထံတွင် အာဆင်းနစ် (Arsenic) အဆိပ်ဓာတ် ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး သံလွင်မြစ်အတွင်းရှိ အာဆင်းနစ်ပါဝင်မှုနှုန်းမှာ ထိုင်းနိုင်ငံ၏ မြေပေါ်ရေ စံချိန်စံညွှန်းထက် ၄ ဆအထိ မြင့်တက်နေဆဲဖြစ်သောကြောင့် မြစ်ရေကို အသုံးမပြုကြရန် ဒေသခံများအား သတိပေးထားသည်ဟု Khaosod သတင်းဌာနက ဖော်ပြသည်။
သံလွင်မြစ်ရေကို မှီခိုအားထားနေရသည့် မယ်ဟောင်ဆောင်ခရိုင်၊ မယ်ဆမ်လပ် (Mae Sam Laep) ကျေးရွာအုပ်စုအတွင်းရှိ ရပ်ရွာလူထုများသည် မြစ်ရေအသုံးပြုခြင်းကို ရပ်တန့်ထားရပြီး နွေရာသီမရောက်မီ အစားထိုးရေအရင်းအမြစ်များ လိုအပ်လျက်ရှိကြောင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဖုန်ဖီပတ် မီဘန်ဂျာမက်စ် (Phongphipat Meebenjamas) က ပြောကြားခဲ့သည်။ ၎င်းအနေဖြင့် အရန်ရေအရင်းအမြစ်များ အရေးပေါ်ရှာဖွေပေးရန်လည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဆူချတ် ချွန်ကလင် (Suchart Chomklin) ထံ တောင်းဆိုထားသည်။
နယ်စပ်တစ်ဖက်ခြမ်း မြန်မာနိုင်ငံဘက်ရှိ မြစ်ညာပိုင်းနေရာများတွင် စက်ယန္တရားများအစား လူအားဖြင့် သတ္တုရိုင်းများကို သန့်စင်ထုတ်လုပ်နေသည့် အသေးစားသတ္တုတွင်းပေါင်း ၄၀ မှ ၅၀ ခန့်ကို အာဏာပိုင်များက တွေ့ရှိထားကြောင်း ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာန၊ ဒေသဆိုင်ရာ သဘာဝပတ်ဝန်းကျင်နှင့် ညစ်ညမ်းမှုထိန်းချုပ်ရေးရုံး (၁) ၏ ညွှန်ကြားရေးမှူး အဝီရာ ဖတ်မတ် (Aweera Phakmat) က ပြောကြားသည်။
သံလွင်မြစ်သည် ထိုင်းနိုင်ငံအတွင်းသို့ ကီလိုမီတာ ၁၂၀ ကျော် ဖြတ်သန်းစီးဆင်းလျက်ရှိသည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်စောင့်ကြည့်စစ်ဆေးခဲ့ချိန်မှစ၍ မြစ်တစ်လျှောက် ရေတစ်လီတာလျှင် အာဆင်းနစ်ပါဝင်မှု ၀ ဒသမ ၀၃ မှ ၀ ဒသမ ၀၄ မီလီဂရမ်အထိ ရှိနေကြောင်း မှတ်တမ်းတင်နိုင်ခဲ့သည်။ ယခင်စစ်ဆေးခဲ့သည့် ၈ ကြိမ်စလုံးတွင် သတ်မှတ်စံနှုန်းထက် ကျော်လွန်နေခဲ့သလို ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) ပြုလုပ်ခဲ့သည့် ၉ ကြိမ်မြောက် စစ်ဆေးမှု၏ ကနဦးရလဒ်အရလည်း လက်ခံနိုင်သည့် စံနှုန်းဖြစ်သော တစ်လီတာလျှင် ၀ ဒသမ ၀၁ မီလီဂရမ်ထက် ၄ ဆကျော် များပြားနေဆဲဖြစ်ကြောင်း တွေ့ရှိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလနှောင်းပိုင်းက နယ်စပ်အနီး တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် တာဝန်ရှိသူများအနေဖြင့် ရေနမူနာ စစ်ဆေးမှုများ မပြုလုပ်နိုင်ခဲ့ပေ။

သို့သော် ပိုင်မြစ် (Pai)၊ သောင်ရင်းမြစ် (Moei) နှင့် မယ်ဆမ်လပ်ချောင်း (Mae Sam Laep) တို့တွင် စစ်ဆေးချက်များအရ စံနှုန်းထက်ကျော်လွန်သည့် အာဆင်းနစ်ပါဝင်မှု မတွေ့ရှိရသဖြင့် နွေရာသီကာလအတွင်း အဆိုပါမြစ်ချောင်းများမှ အစားထိုးရေ ရရှိနိုင်ဖွယ်ရှိသည်။ အစိုးရအနေဖြင့် တောင်ကျရေစနစ်များ အပါအဝင် အစားထိုးအသုံးပြုနိုင်မည့် အခြားရေအရင်းအမြစ်များကိုလည်း ကွင်းဆင်းစစ်ဆေးထားသည်။
အလားတူ မြစ်ကြမ်းပြင်ရှိ အနည်အနှစ်များတွင် အဆိပ်အတောက် ညစ်ညမ်းမှုများရှိနေခြင်းကြောင့် ရေအောက်ကြမ်းပြင်နေ သတ္တဝါများနှင့် ငါးများကို ထိခိုက်စေနိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ထို့ကြောင့် ဒေသခံများအနေဖြင့် ငါး၏ အစာအိမ်နှင့် အူလမ်းကြောင်း အပါအဝင် ကလီစာများကို စားသုံးခြင်းမှ ရှောင်ကြဉ်ကြရန် အကြံပြုထားသည်။ ခန္ဓာကိုယ်အတွင်း အာဆင်းနစ်ဓာတ် တွေ့ရှိခဲ့ရသူ ၄ ဦးမှာ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ ကျပန်းနမူနာယူ စစ်ဆေးမှုမှတစ်ဆင့် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား ၅ နှစ်ကြာ ကျန်းမာရေး စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်သွားရန် လိုအပ်မည်ဖြစ်သည်။
သံလွင်မြစ်အတွင်းရှိ အာဆင်းနစ်ပါဝင်မှုနှုန်းမှာ လက်ခံနိုင်သည့် စံနှုန်းထက် ၃ ဆမှ ၄ ဆအထိ စဉ်ဆက်မပြတ် မြင့်တက်နေကြောင်း ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာနက ဆိုသည်။ ကော့မြစ် (Kok River) အတွင်း ပါဝင်မှုနှုန်းမှာ ယင်းထက်လျော့နည်းသော်လည်း မယ်ဆိုင်ချောင်း (Sai River) တွင်မူ လက်ခံနိုင်သည့် စံနှုန်းထက် ၄ ဆမှ ၂၈ ဆအထိ အမြင့်ဆုံး စံချိန်တင် တွေ့ရှိထားသည်။
မယ်ဆမ်လပ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် အစားထိုးရေအရင်းအမြစ်များ ဖော်ဆောင်ရန် အဆိုပြုတင်ပြထားပြီး ဘတ်ဂျက်ခွဲဝေချထားပေးမှုကို စောင့်ဆိုင်းလျက်ရှိသည်။ ထို့အတူ ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာန၊ ရေအရင်းအမြစ်ဦးစီးဌာနနှင့် မြေအောက်ရေအရင်းအမြစ်ဦးစီးဌာနတို့က ညစ်ညမ်းမှုအခြေအနေများကို စောင့်ကြည့်လျက်ရှိပြီး အစားထိုးရေပေးဝေနိုင်မည့် နည်းလမ်းများကို ရှာဖွေလျက်ရှိသည်။
Ref: Khaosod
