သက်တံ့
၂၅. ၁၁. ၂၀၂၆
၂၀၂၇ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပမည့် ထိုင်းတော်ဝင်လေတပ်၏ နှစ် (၉၀) ပြည့် အထိမ်းအမှတ် လေကြောင်းပြပွဲတွင် အမေရိကန် F-22 တိုက်လေယာဉ်က တစ်စင်းတည်း ပျံသန်းပြသမှု (Solo flying display) ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ Su-30 တိုက်လေယာဉ်ကိုမူ မြေပြင်၌ ရပ်နားခင်းကျင်းပြသ (Static display) သွားမည်ဖြစ်သည်ဟု Khaosod သတင်းဌာနက ယနေ့ ဖော်ပြသည်။
ထိုင်းတော်ဝင်လေတပ်က နိုဝင်ဘာ ၂၅ ရက်တွင် ပြပွဲအစီအစဉ်များကို ထုတ်ပြန်ကြေညာခဲ့ရာ၌ ယခုပြပွဲသည် အမေရိကန် F-22 သရုပ်ပြအဖွဲ့၏ အရှေ့တောင်အာရှဒေသအတွင်း ပထမဆုံးအကြိမ် လာရောက်ပျံသန်းပြသမှု ဖြစ်လာမည်ဟု ဆိုသည်။ ထို့အတူ မြန်မာ့တပ်မတော် (လေ) မှ Su-30 တိုက်လေယာဉ်သည်လည်း အဆိုပါပြပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ပါဝင်ပြသမည် ဖြစ်သည်။
ထို့ပြင် အဆိုပါပြပွဲတွင် အိန္ဒိယလေကြောင်း အလှပြအဖွဲ့က အုပ်စုဖွဲ့ ပျံသန်းပြသမည်ဖြစ်သလို ထိုင်းလေတပ်ကလည်း ၎င်းတို့၏ F-16 နှင့် Gripen တိုက်လေယာဉ်များဖြင့် ပျံသန်းပြသသွားမည့်အပြင် ထိုင်းလေတပ်၏ သမိုင်းတစ်လျှောက် အကြီးမားဆုံးသော ဝေဟင်တိုက်ခိုက်မှု သရုပ်ပြပွဲကြီးကိုလည်း ထည့်သွင်းကျင်းပရန် စီစဉ်ထားသည်။
အမျိုးသားလေတပ်နှင့် လေကြောင်းပြတိုက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုင်းလေတပ်ဦးစီးချုပ် လေတပ်ဗိုလ်ချုပ်ကြီး ဆက်ဆန် ခန်ထာက F-22 တိုက်လေယာဉ် စေလွှတ်ပေးရန် ထိုင်းနိုင်ငံ၏ ဖိတ်ကြားချက်ကို အမေရိကန်ပြည်ထောင်စုက ချက်ချင်းလက်ခံခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းက F-22 သည် ရေဒါပျောက်နည်းပညာ (Stealth technology) ပါဝင်သည့် ပဉ္စမမျိုးဆက် တိုက်လေယာဉ်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။
ယခုနှစ်ပတ်လည်ပြပွဲသည် လေတပ်တပ်ဖွဲ့ဝင်များ၏ စွမ်းရည်၊ စစ်လက်နက်ပစ္စည်းများ၏ အသင့်ရှိမှုနှင့် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ထုတ်ဖော်ပြသသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ဆက်ဆန်က ဆိုသည်။ ထိုင်းစစ်ဘက်လေကြောင်းသမိုင်းသည် လေကြောင်းပညာသင်ယူရန် ပြည်ပသို့ လူသုံးဦး စေလွှတ်ရေးအတွက် ပံ့ပိုးပေးခဲ့သည့် ရာမ (၆) ဘုရင် လက်ထက်မှ စတင်မြစ်ဖျားခံခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
ထိုင်းနိုင်ငံ၏ စစ်ဘက်လေကြောင်းအစီအစဉ်ကို လေယာဉ်ရှစ်စင်းဖြင့် စတင်ခဲ့ပြီး ၁၉၃၇ ခုနှစ်၊ ဧပြီ ၉ ရက်တွင် သီးခြားလေတပ်တစ်ခုအဖြစ် မရပ်တည်မီကပင် ကိုယ်ပိုင်အသုံးပြုရန် လေယာဉ်များကို ဒီဇိုင်းဆွဲတည်ဆောက်နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။
လေတပ်အနေဖြင့် နည်းပညာပြောင်းလဲတိုးတက်မှုများနှင့်အညီ အမီလိုက်နိုင်ရန်နှင့် ထိုင်းနိုင်ငံအတွင်း၌ပင် စွမ်းဆောင်ရည်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် လေ့ကျင့်ရေးနှင့် သုတေသနလုပ်ငန်းများကို အဓိကထား လုပ်ဆောင်နေကြောင်း ဗိုလ်ချုပ်ကြီး ဆက်ဆန်က ပြောကြားခဲ့သည်။
Ref: Khaosod
