သက်တံ့
၂၅. ၁၁. ၂၀၂၆
ရန်ကုန် – မန္တလေး အမြန်လမ်းတွင် သွေးတိုးရောဂါကြောင့် မူးဝေနေသည့်ယာဥ်မောင်းက ယနေ့နံနက်ပိုင်းတွင် လမ်းလယ်ကျွန်းဝင်တိုက်မိခဲ့သော်လည်း ယာဥ်ပေါ်ပါသူများ ဘေးကင်းသည်ဟု အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က အသိပေးသည်။
ဖြစ်စဥ်မှာ ယနေ့ နိုဝင်ဘာ ၂၅ ရက် နံနက် ၁၁ နာရီခန့်အချိန် ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင် ၂၁/၃-၄ အကြား နေပြည်တော်မှရန်ကုန်သို့အပြန်လမ်းတွင် ယာဉ်မောင်းပါ အမျိုးသား (၂) ဦး၊ အမျိုးသမီး (၁) ဦး စုစုပေါင်း (၃)ဦး လိုက်ပါလာသည့် TOYOTA WISH အမျိုးအစား အဖြူရောင်ယာဉ်သည် အခင်းဖြစ်မိုင်တိုင်အရောက်တွင် အသက်အရွယ်ကြီးရင့်သူ ယာဉ်မောင်းမှာ သွေးတိုးရောဂါကြောင့် ရုတ်တရက်မူးဝေ၍ လမ်းလယ်ကျွန်းရှိ အရိပ်ရအပင်အား တိုက်မိခဲ့သည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါသူများမှာ ထိခိုက်ဒဏ်ရာမရရှိခဲ့သော်လည်း ယာဥ်နှင့် လမ်းလယ်ကျွန်းရှိအရိပ်ရအပင်အချို့ပျက်စီးခဲ့သည်ဟု သိရသည်။
အမြန်လမ်းအသုံးပြုသည့် ယာဉ်မောင်းများ၏ ကျန်းမာရေးအခြေအနေကောင်းမွန်ရန် အထူးအရေးကြီးပြီး ၆၀ နှစ်အထက် အသက်အရွယ်ကြီးရင့်သူ၊ သွေးတိုး/ဆီးချိုရောဂါရှိသူ၊ အတက်ရောဂါရှိသူ၊ နှလုံးရောဂါရှိသူ၊အိပ်ငိုက်ရောဂါ Obstructive Sleep Apnea (OSA)ရှိသူ၊ မျက်စိအမြင်အားနည်းသူ/အာရုံကြောအားနည်းသူများ အနေဖြင့် သက်ဆိုင်ရာဆရာဝန်/ကျန်းမာရေးဝန်ထမ်းများ၏ခွင့်ပြုချက်ရမှသာ ယာဉ်မောင်းကြရန်လည်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ သတိပေးထားသည်။
