
၂၄.၁၁.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ရဲစုကြီးကျေးရွာတွင် နိုဝင်ဘာလ ၂၃ ရက် နံနက် ၁၀ နာရီ ၂၈ မိနစ်ခန့်က လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော နှစ်ထပ်နေအိမ်မီးလောင်မှုမှာ ကော်ပုံးထဲမှဓာတ်ဆီကို ကားဆီတိုင်ကီထဲသို့ ထည့်ရာမှ မီးစလောင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
အာရ်စီ နှစ်ထပ်တိုက်၏ အောက်ထပ်တွင် ရပ်ထားသော ခြောက်ဘီးကား၏ ဆီတိုင်ကီထဲသို့ အပြင်မှသယ်ဆောင်လာသော ဓာတ်ဆီကို ကော်ပုံးဖြင့် ဆီဖြည့်ရာမှ တည်ငြိမ်လျှပ်စစ်ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
မိနစ် ၅၀ ခန့်ကြာမြင့်သော မီးလောင်မှုကြောင့် အာရ်စီ နှစ်ထပ်လူနေအိမ်တစ်လုံးနှင့် အတွင်းပစ္စည်းများ၊ ဆိုင်ကယ်တစ်စီး၊ မီးစက်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အသက် ၄၀ အရွယ် အိမ်ရှင် အမျိုးသားမှာ ဘယ်နှင့်ညာလက်ဖျံနှစ်ဖက်နှင့် ဘယ်ညာခြေထောက်ဒူးအောက်ဖက်တွင် မီးအပူဟပ်ကာ အရေပြားလောင်ဒဏ်ရာများရရှိသဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။
နှစ်ထပ် လူနေအိမ် မီးလောင်မှုကြောင့် အိမ်ရှင် အမျိုးသားကို မှော်ဘီမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
နေအိမ်မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် နှစ်စီး၊ ရေသယ်ယာဥ် နှစ်စီးဖြင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၄၇ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
