၆.၁၂.၂၀၂၅
Written by NYL
လူစည်ကားပြီး သွားလာလှုပ်ရှားမှုများပြားသည့် လှည်းတန်းစင်တာရှေ့ (အင်းစိန်လမ်းနှင့် လှည်းတန်းလမ်းထောင့်)တွင် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးမှ ကမာရွတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်ဟောပြောပွဲကို ဒီဇင်ဘာ ၅ ရက်၊ ညနေ ၄ နာရီက ပြုလုပ်ခဲ့သည်။
ယခင်က လူအများစုရုံးခဲ့ကြပြီး ယခုကာလဝယ် လှည်းတန်းစင်တာရှေ့ဟု ခေါ်ဝေါ်ကြသည့် နေရာတွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဟောပြောခွင့်ရရှိခြင်းအပေါ် ကျေနပ်ဂုဏ်ယူကြောင်း ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ဟောပြောခဲ့သည်။
“ပထမကျောင်းသားသပိတ်၊ ဒီမိုကရေစီအရေးကြိုးပမ်းမှုလှုပ်ရှားမှုးသမိုင်းမှာ ဟောဒီမြေ၊ ဟောဒီဒေသဟာ နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် အင်မတန်အရေးပါတဲ့နေရာဖြစ်တယ်။ သိပ်အရေးကြီးတယ်။ ဒါကြောင့်မို့ ဒီနေရာမှာ ဆွေးနွေးဟောပြောခွင့်ရတဲ့အတွက် အင်မတန်ကို ကျေနပ်တယ်။ ဂုဏ်ယူတယ်” ဦးကိုကိုကြီးက ပြောကြားခဲ့သည်။
ယခုကဲ့သို့ ဆွေးနွေးဟောပြောခွင့်ရရှိရန်အတွက် သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံသို့ လိုအပ်သည့် အသိပေးအကြောင်းကြားမှုများပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ဦးကိုကိုကြီး၏ ရှင်းလင်းပြောကြားချက်အရ သိရသည်။
ထို့ပြင် ယခုနေရာသည် ဆန္ဒထုတ်ဖော်ပွဲများစွာဖြစ်ပေါ်ခဲ့သည့်နေရာဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များကို ဆက်လက်လျှောက်လှမ်းရန်အတွက် စုစည်းကြရန်ဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောကြားခဲ့သည်။
“သမိုင်းဝင် လှည်းတန်းမှာ အခုလို ဟောပြောပွဲလုပ်တယ်ဆိုတာ လွန်ခဲ့တဲ့ ၃၆ နှစ်က ကျွန်တော်တို့စတင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို ဆက်လက်တည် လျှောက်လှမ်းဖို့ ဒီနေရာမှာ စုစည်းတာဖြစ်ပါတယ်” ဟု ဦးကိုကိုကြီးက ပြောကြားသည်။
ဆက်လက်၍ ဦးကိုကိုကြီး “ဒီနေရာ၊ ဒီဒေသဟာ ဆန္ဒပြပွဲတွေ များစွာဖြစ်ခဲ့တယ်။ အကြိမ်ကြိမ်ဖြစ်ခဲ့တယ်။ ဘာကြောင့်လဲ။ အပြောင်းအလဲကိုလိုချင်လို့။ သို့သော် ပြည်သူလူထု တစ်ယောက်ချင်း၊ တစ်ယောက်ချင်းပါဝင်နိုင်တဲ့နိုင်ငံရေးကတော့ ရွေးကောက်ပွဲနိုင်ငံရေးဖြစ်တယ်” ဟု ပြောကြားခဲ့သည်။
ပြည်သူ့ပါတီမှ ကမာရွတ်မြို့နယ်ကိုယ်စားပြု၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဒေါ် စန်းစန်းဝေ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးကြည်သာဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း (FPTP) အဖြစ် ဦးထင်လင်းအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(PR) အဖြစ် ဦးဌေးကျော်တို့က ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကမာရွတ်မြို့နယ်၊ လှည်းတန်းစင်တာရှေ့တွင် ပြုလုပ်ခဲ့သည့် အောင်နိုင်ရေးဆိုင်းဘုတ်ဖွင့်ပွဲနှင့် မဲဆွယ်စည်းရုံးဟောပြောပွဲတွင် ကမာရွတ်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို မဲဆန္ဒရှင်ပြည်သူများနှင့် မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။







