◾ ဒေါ်နယ်ဒ် ထရမ့်ပ်က ဖီဖာငြိမ်းချမ်းရေးဆု ရရှိခြင်းကို ကြီးမားသော ဂုဏ်ပြုမှုအဖြစ် ဂုဏ်ယူပွဲခံ
◾ ဖီဖာငြိမ်းချမ်းရေးဆုကို အဆိုပြုပေးရသော ဦးဇော်ဇော်၏ ကော်မတီက လာမည့် ၂၀၂၉ ခုနှစ်အထိ အကျုံးဝင်
သတိုး
၆. ၁၂. ၂၀၂၅
တစ်ကျော့ပြန် အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်သည် ယခုနှစ်မှ အသစ်ဖန်တီးထားသော ဖီဖာ(FIFA) ငြိမ်းချမ်းရေးဆု၏ ပထမဆုံးဆုရှင်အဖြစ် သတ်မှတ်ခံရပြီး ဝါရှင်တန်ဒီစီတွင် ကျင်းပသည့် ၂၀၂၆ ကမ္ဘာ့ဖလား မဲနှိုက်ပွဲ၌ ဆုကို လက်ခံရယူစဉ် “ကမ္ဘာကြီးသည် ယခုအခါ ပိုမိုလုံခြုံသော နေရာတစ်ခုဖြစ်လာပြီ” ဟု ပြောကြားခဲ့သည်။
ဖီဖာဥက္ကဋ္ဌနှင့် ထရမ့်ပ်၏ အနီးကပ်ဆုံး မဟာမိတ်တစ်ဦးဖြစ်သူ ဂျာနီ အင်ဖန်တီနို (Gianni Infantino) က သောကြာနေ့တွင် Kennedy Center for the Performing Arts ၌ ထရမ့်ပ်အား ဂုဏ်ပြုဆု ချီးမြှင့်ခဲ့သည်။ ထရမ့်ပ်ကို “ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်မှုကို မြှင့်တင်ရန်အတွက် ၎င်း၏ ထူးခြားသော လုပ်ရပ်များကို အသိအမှတ်ပြုသည့်အနေဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်”ဟု အင်ဖန်တီနိုက ပြောကြားခဲ့သည်။
ထရမ့်ပ်သည် ဆုတံဆိပ်၊ ဆုတံဆိပ်ပါ လက်မှတ်နှင့်အတူ စင်ပေါ်တက်၍ ဆုကို လက်ခံယူပြီးနောက် အင်ဖန်တီနိုက “ဒါက သင့်ဆုပါ။ သင့်ရဲ့ ငြိမ်းချမ်းရေးဆုပါ” ဟု ပြောကြားခဲ့ပြီး “ခင်ဗျားသွားချင်တဲ့ နေရာတိုင်းမှာ ဝတ်ဆင်သွားလို့ရတဲ့ လှပတဲ့ ဆုတံဆိပ်တစ်ခုလည်း ပါပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ဖီဖာက အသစ်ဖန်တီးထားသောငြိမ်းချမ်းရေးဆုကို “ခိုင်မာသော ကတိကဝတ်များနှင့် အထူးလုပ်ဆောင်ချက်များမှတစ်ဆင့် လူအများကို ငြိမ်းချမ်းစွာ စည်းလုံးညီညွတ်စေရန် ကူညီပေးသည့် ပုဂ္ဂိုလ်များအတွက် ရည်ရွယ်သည်”ဟု အဓိပ္ပါယ်ဖွင့်ဆိုသည်။
သို့သော် ဖီဖာအုပ်ချုပ်ရေးအဖွဲ့ကမူ ဆုရွေးချယ်ရေး လုပ်ငန်းစဉ် အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း Guardian သတင်းဌာန၏ စုံစမ်းစစ်ဆေးချက်အရ အငြင်းပွားဖွယ်ရာ မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် “လူမှုအကျိုးပြုလုပ်ငန်းကော်မတီ”အသစ်သည် အနာဂတ် ဆုများအတွက် လုပ်ငန်းစဉ်ကို အဆိုပြုသွားမည် ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
မြန်မာတိုင်ကွန်း ဦးဇော်ဇော်သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လူမှုအကျိုးပြုလုပ်ငန်းကော်မတီ (FIFA Football Social Responsibilty Committee) ၏ ဥက္ကဋ္ဌအဖြစ် ငါးနှစ်တာကာလအတွက် တာဝန်ယူထားမည်ဖြစ်ပြီး ဤရာထူးသက်တမ်းသည် ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ ဖြစ်သည်ဟု သိရှိရသည်။ ဦးဇော်ဇော်၏ တာဝန်များတွင် နောင်နှစ်များအတွက် ဖီဖာ၏ ငြိမ်းချမ်းရေးဆုကဲ့သို့သော ဆုများ၏ လုပ်ငန်းစဉ်ကို အဆိုပြုခြင်းလည်း ပါဝင်သလို ဖီဖာ၏ပထမဆုံးသောငြိမ်းချမ်းရေးဆုကို အဆိုပြုရသည့်ဟု ယူဆရသည့် ကော်မတီဥက္ကဋ္ဌသည် မြန်မာကဲ့သို့ စစ်မက်ဖြစ်ပွားနေသောနိုင်ငံမှ အစိုးရနှင့်နီးစပ်သူလုပ်ငန်းရှင်ဖြစ်နေခြင်းမှာ ဝေဖန်သူများအဖို့ အချက်ကောင်းဖြစ်လာစေခဲ့သည်။
◾ ထရမ့်မ်၏ ငြိမ်းချမ်းရေးဆိုင်ရာ တောင်းဆိုချက်များ
မည်သို့ပင်ဆိုစေကာမူ နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရရှိရန် အမြဲတစေ ကြိုးပမ်းနေသူ ထရမ့်ပ်သည် ဖီဖာငြိမ်းချမ်းရေးဆုချီးမြှင့်သည့် သောကြာနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဖီဖာအရာရှိများ၊ သံတမန်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များရှေ့တွင် ဆုကို လက်ခံခဲ့သည်။
ထရမ့်ပ်က ဆုကို လက်ခံစဉ် “၎င်း၏ဘဝတွင် ကြီးမားသော ဂုဏ်ပြုမှုများထဲမှ တစ်ခု” ဟု ပြောဆိုခဲ့ပြီးနောက် “ကွန်ဂိုက ဥပမာတစ်ခုပါ၊ လူသန်းပေါင်းများစွာ သေဆုံးခဲ့ပြီး နောက်ထပ် ၁၀ သန်းလောက် အလျင်အမြန် ထပ်ဖြစ်လာတော့မယ့် အခြေအနေမှာ ကျွန်တော် သန်းပေါင်းများစွာသော အသက်တွေကို ကယ်တင်ခဲ့ပါတယ်၊ အိန္ဒိယနဲ့ ပါကစ္စတန်တို့ရဲ့ ကွဲပြားခြားနားတဲ့ စစ်ပွဲတွေ အများကြီးကို ကျွန်တော်တို့ ရပ်တန့်နိုင်ခဲ့ပါတယ်၊ အချို့ကိစ္စတွေမှာ မစတင်ခင်လေးတင် ရပ်တန့်နိုင်ခဲ့ပါတယ်” ဟု မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သည်။
ထို့နောက် အင်ဖန်တီနိုအား “လက်မှတ်ရောင်းအား စံချိန်တင်အောင် လုပ်ဆောင်ပေးမှု” အတွက် ချီးကျူးခဲ့ပြီး ၂၀၂၆ ပြိုင်ပွဲသည် “ကမ္ဘာက တစ်ခါမှ မမြင်ဖူးလောက်တဲ့ ပွဲမျိုး ဖြစ်လာလိမ့်မယ်” ဟု ပြောကြားခဲ့သည်။ ထို့အပြင် ထရမ့်ပ်က နိဂုံးချုပ်အနေဖြင့် “ကမ္ဘာကြီးဟာ အခုဆို ပိုလုံခြုံတဲ့ နေရာတစ်ခု ဖြစ်နေပါပြီ” ဟု ပြောကြားခဲ့သည်။
သို့သော် ထရမ့်ပ်သည် ၎င်း “အဆုံးသတ်ခဲ့သည်” ဟု ဆိုသော ပဋိပက္ခအရေအတွက်နှင့်ပတ်သက်၍ မေးခွန်းထုတ်စရာများ ရှိသည့် တောင်းဆိုချက်များကိုလည်း ရရှိခဲ့ပြီး စစ်ရေးလုပ်ဆောင်မှုများစွာကိုလည်း စတင်ခဲ့သည်။ ထရမ့်ပ်က နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရသင့်ကြောင်း အခိုင်အမာ ပြောကြားနေသော်လည်း ၎င်း၏ စစ်ရေးလှုပ်ရှားမှုအချို့မှာ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့သည်။ ဂါဇာပဋိပက္ခနှင့် ယူကရိန်းစစ်ပွဲတို့တွင် ငြိမ်းချမ်းရေးဖန်တီးသူအဖြစ် ၎င်း၏ ကြားဝင်ဆောင်ရွက်မှုများသည်လည်း တစ်ဖက်သတ်ဆန်ပြီး ထိရောက်မှုမရှိဟု ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။ ထရမ့်ပ်က “အဆုံးသတ်ခဲ့သည်” ဟု ဆိုသော စစ်ပွဲများထဲတွင် ဂါဇာပဋိပက္ခသည် နှစ်နစ်ကြာမြင့်ခဲ့ပြီး ဖြစ်ပွားမှု အဆင့်နိမ့်ကျသွားသော်လည်း လက်ရှိတွင် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ ပျက်စီးသွားသော ကမ်းရိုးတန်းဒေသ၏ ဧရိယာများစွာကို အစ္စရေးက ဆက်လက်သိမ်းပိုက်ထားဆဲ ဖြစ်သည်။
ထရမ့်မ်သည် အစ္စရေး-အီရန်စစ်ပွဲကိုလည်း အဆုံးသတ်ခဲ့သည်ဟု ဆိုခဲ့သည်။ အဆိုပါ ၁၂ ရက်ကြာ ပဋိပက္ခတွင် အမေရိကန်သည် အစ္စရေးဘက်မှ တက်ကြွစွာ ပါဝင်ခဲ့ပြီး အီရန်၏ နျူကလီးယားစခန်းများကို ၎င်း၏ ကိုယ်ပိုင် ဒုံးကျည်များဖြင့် ဝေးလံစွာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား မေလတွင် ဖြစ်ပွားခဲ့သော တင်းမာမှုများ တိုးလာခြင်းကို အဆုံးသတ်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု အမေရိကန်သမ္မတက ပြောကြားခဲ့သော်လည်း အိန္ဒိယကမူ ထရမ့်မ်၏ ပါဝင်မှုသည် အထူးသက်ရောက်မှုမရှိဘဲ နှစ်နိုင်ငံ၏ ပြည်တွင်းရေးဆုံးဖြတ်ချက်ကြောင့်သာဖြစ်သည်ဟု ငြင်းဆိုခဲ့သည်။
◾ ဝေဖန်မှုများ
ဖီဖာ၏ ပထမဆုံးသော ဆုကို ထရမ့်ပ်အား ပေးအပ်ရန် ဆုံးဖြတ်ခြင်းသည် ၎င်း၏ နိုင်ငံရေးအသိုင်းအဝိုင်းနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုအပေါ် အဖွဲ့အစည်း၏ စိစစ်မှုကို ပိုမိုပြင်းထန်လာစေဖွယ်ရှိသည်။ ထရမ့်ပ်သည် ပြည်ပတွင် ၎င်း၏ ပုံရိပ်ကို မြှင့်တင်ရန်အတွက် အားကစား ပလက်ဖောင်းများကို ပုံမှန်အသုံးပြုခဲ့ပြီး နိုဘယ်ဆုအတွက် အပြင်းအထန် ကြိုးပမ်းခဲ့သူဖြစ်သည်။
အင်ဖန်တီနိုနှင့် ထရမ့်ပ်တို့၏ ဆက်ဆံရေးသည် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့ ပူးတွဲကျင်းပမည့် ၂၀၂၆ ကမ္ဘာ့ဖလားပွဲ မတိုင်မီ ပိုမိုသိသာလာခဲ့သည်။
ထို့ပြင် ဖီဖာသည် ထရမ့်ပ်၏ သမီးဖြစ်သူ အိုင်ဗန်ကာကိုလည်း ၂၀၂၆ ကမ္ဘာ့ဖလား လက်မှတ်ရောင်းရငွေ၏ တစ်စိတ်တစ်ပိုင်းရန်ပုံငွေဖြင့် ထောက်ပံ့ထားသော ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိ ပညာရေးဆိုင်ရာ အစီအစဉ်၏ ဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့သည်။
ဇွန်လ ၁၁ ရက်နေ့တွင် စတင်မည့် ၂၀၂၆ ပြိုင်ပွဲသည် အိမ်ရှင်မြို့ ၁၆ မြို့၌ စံချိန်တင် ၁၀၄ ပွဲ ပါဝင်မည်ဖြစ်ပြီး ဖီဖာကမူ “ကမ္ဘာကြီးကို စည်းလုံးစေမည့် အခွင့်အရေး” အဖြစ် ပုံရိပ်မြှင့်တင်ထားသည်။
Ref : The Gurdian









