◾️ စီမံကိန်းအတွင်း လာရောက်ရင်းနှီးမြှုပ်နှံမည့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများအတွက် မြေနေရာများ ခွင့်ပြုပေးသွားမည်ဟု ယာယီသမ္မတ ပြောကြား
၄. ၁၂. ၂၀၂၅
Written by Nyein Kyaw
ယခင်အစိုးရလက်ထက်က ရပ်နားခဲ့သော ရတနာပုံ ဆိုင်ဘာစီးတီးအား ပြန်လည် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတာ်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရတနာပုံမြို့သစ်စီမံကိန်းသို့ ယနေ့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားသည်။
ယခု ရတနာပုံဆိုင်ဘာစီးတီးအား နိုင်ငံတော်၏ ဆက်သွယ်ရေးနည်းပညာများ တိုးတက်ရေးအတွက် Silicon Village အဖြစ် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ဒီမိုကရေစီဒုတိယအစိုးရ (၂၀၁၅-၂၀၂၀ ခုနှစ်) လက်ထက်တွင် New Mandalay Resort City စီမံကိန်းအဖြစ် ပြောင်းလဲလုပ်ဆောင်ခဲ့ခြင်းကြောင့် ရတနာပုံဆိုင်ဘာစီးတီး၏ လုပ်ငန်းများရပ်တန့်သွားခဲ့ရကြောင်း ယာယီသမ္မတက ပြောကြားသည်။
ယနေ့ ခေတ်သည် IT ခေတ်ဖြစ်သဖြင့် မိမိတို့နိုင်ငံတွင် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို မဖြစ်မနေအားပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခင်ဆိုင်ဘာစီးတီး မူလရည်မှန်းချက်များအပြင် ဉာဏ်ရည်တု (AI) နည်းပညာ တိုးတက်ရေးအတွက်လည်း ရည်မှန်းဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုစီမံကိန်းအား နိုင်ငံတော်၏ IT နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အီလက်ထရောနစ်ဆိုင်ရာ ပစ္စည်းများအား အဓိကထုတ်လုပ်ရန်အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး) အနီးတွင် တည်ရှိသကဲ့သို့ မန္တလေးမြို့၊ မိတ္ထီလာမြို့၊ ကျောက်ဆည်မြို့တို့ရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာက္ကသိုလ်များနှင့် ချိတ်ဆက်၍လည်း ဆောင်ရွက်နိုင်ပြီး လိုအပ်သည့် လူသားအရင်းအမြစ်များကို ရရှိနိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။




မိမိတို့အနေဖြင့် ရတနာပုံဆိုင်ဘာစီးတီးစီမံကိန်း လုပ်ငန်းပြန်လည်စတင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရတနာပုံဆိုင်ဘာစီးတီးစီမံကိန်း လာရောက်ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းအမှန်တကယ်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံသူများ အတွက် လိုအပ်သည့် မြေနေရာများကို ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
စီမံကိန်းနယ်မြေအတွင်း လုပ်ကိုင်ခွင့်ချထားပေးသည့် မြေနေရာများ၌ လုပ်ငန်းဆောင်ရွက်ခြင်း မရှိသည့် မြေနေရာများ၊ နေထိုင်ရန်ချထားပေးသည့် မြေနေရာများ၌ လူနေထိုင်မှုများ မရှိသည့် မြေနေရာများအား စည်းကမ်းနှင့် အညီဖြစ်စေရေး စိစစ်ဆောင်ရွက်သွားရန် လိုကြောင်း၊ ရတနာပုံဆိုင်ဘာစီးတီးအား အစိုးရမှ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သကဲ့သို့ ရတနာပုံမြို့သစ်အိမ်ရာဖွံ့ဖြိုးတိုးတက်စေရေးအတွက်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
ရတနာပုံမြို့သစ် စီမံကိန်းဧရိယာအတွင်း လူအပြည့်နေထိုင်မည်၊ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက သောက်သုံးရေများ လုံလောက်စွာရရှိရေး ကြိုတင်စီမံဆောင်ရွက်ထားရှိရန်နှင့် လျှပ်စစ်မီးလိုအပ်ချက်အား ကြိုတင်တွက်ချက်၍ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှ ဖြည့်တင်းဆောင်ရွက်သွားနိုင်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
စီမံကိန်းမြေနေရာများ၌ အဆောက်အဦများ ထပ်မံဆောက်လုပ်ရာတွင်လည်း ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများဖြစ်အောင် စနစ်တကျဆောက်လုပ်သွားရန်လိုကြောင်း၊ ရတနာပုံမြို့သစ်စီမံကိန်း ဖွံ့ဖြိုးတိုးတက်လာရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းဆောင်ရွက်သွား ကြရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
