◾️ပြည်ထောင်စုနယ်မြေနှင့် ရန်ကုန်တိုင်းတို့တွင် ပါဝင်သည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအားလုံးသာ ရွေးကောက်ပွဲ ကျင်းပနိုင်
၄. ၁၂. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် အပိုင်း (၂) များတွင် ရပ်ကွက်ပေါင်း ၁၆၁ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၂,၇၇၀ တို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှ ယနေ့တွင် ကြေညာထားသည်။
UEC အနေဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်သော မြို့နယ် ၁၀၂ မြို့နယ်စာရင်းကို သြဂုတ် ၂၀ ရက်တွင် ကြေညာချက်အမှတ် (၅၆/၂၀၂၅) ဖြင့်လည်းကောင်း၊ အပိုင်း (၂) တွင် ပါဝင်သော မြို့နယ် ၁ဝဝ မြို့နယ်စာရင်းကို အောက်တိုဘာ ၂၈ ရက်တွင် ကြေညာချက်အမှတ် (၁၄၁/၂၀၂၅) ဖြင့် ကြေညာခဲ့ပြီးဖြစ်သည်။
ထို့အတူ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပရေး အခြေအနေမရှိသည့် လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ် ၁၂၁ နယ်၊ မြို့နယ် ၅၆ မြို့နယ်ကို စက်တင်ဘာ ၁၄ ရက်တွင် ကြေညာချက်အမှတ် (၁၀၃/၂၀၂၅) ဖြင့်လည်းကောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

UEC အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအား ထပ်မံစိစစ်ခဲ့ရာ ရွေးကောက်ပွဲအပိုင်း (၁) ကျင်းပမည့် မြို့နယ်များမှ ရပ်ကွက် ၁၃၃ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁,၃၀၆ အုပ်စု၊ ရွေးကောက်ပွဲအပိုင်း (၂) ကျင်းပမည့် မြို့နယ်များမှ ရပ်ကွက် ၂၈ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁,၄၆၄ အုပ်စုဖြစ်ပြီး စုစုပေါင်း ရပ်ကွက် ၁၆၁ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၇၇၀ တို့တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ကြေညာထားသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၏ အပိုင်း (၁) နှင့် အပိုင်း (၂) တို့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများသာ အားလုံးကျင်းပနိုင်ခြင်းဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများစာရင်းအား ပူးတွဲပါဇယားဖြင့် ဖော်ပြပေးထားသည်။
