ရောင်ဝါ
၄. ၁၁. ၂၀၂၆
တောင်သာပြည်သူ့စစ်ခေါင်းဆောင် ဇနီးမောင်နှံ အပါအဝင် လူသုံးဦးကို ပစ်သတ်လိုက်သည်ဟု ကျူးလွန်သည့် တောင်သာ PDF အဖွဲ့က ယနေ့ဝန်ခံလိုက်သလို လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သည့် မီဒီယာများကလည်း သတင်းဖော်ပြလာသည်။


ဖြစ်စဉ်မှာ နိုဝင်ဘာ ၃ ရက် ည ၆ နာရီ ၅၀ မိနစ်ခန့်တွင် တောင်သာမြို့၊ အမှတ် (၅) ရပ်ကွက်၊ နာရီစင်အနီးရှိ ဖိုးသားကုန်စုံဆိုင်၌ ကိုပြည့်ဖြိုးမောင်၊ အသက် ၃၄ နှစ်၊ (ဘ) ဦးစိန်မောင်ဝင်းနှင့် ၎င်း၏ဇနီး မရွှေယမင်းဦး၊ အသက် ၂၃ နှစ်၊ (ဘ) ဦးဖိုးလှတို့ ဈေးဝယ်ပြီး ဆိုင်ရှင် ဒေါ်ခိုင်ခိုင်အောင်နှင့် ၎င်း၏သား ဇင်သက်အောင် (ခ) ဖိုးသားတို့နှင့်အတူ ဆိုင်အတွင်း စကားပြောဆိုနေစဉ် တောင်သာ PDF အဖွဲ့ဝင်နှစ်ဦး ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး အအေးဝယ်လိုကြောင်း ပြောဆိုကာ ဆိုင်အတွင်း ဝင်ရောက်ကာ ကိုပြည့်ဖြိုးမောင်၊ မရွှေယမင်းဦးနှင့် ဒေါ်ခိုင်ခိုင်အောင်တို့အား သေနတ်အတိုဖြင့် ရှစ်ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ထိုအချိန် ကိုဇင်သက်အောင် (ခ) ဖိုးသားမှာ ကြောက်လန့်၍ မှောက်လျက် ခေါင်းငုံ့နေစဉ် တောင်သာ PDF နှစ်ဦးသည် ဆိုင်ကယ်ဖြင့် ကန်ဆွယ်လမ်းသွယ်မှတစ်ဆင့် ဘူတာရုံအနောက်ဘက်ခြမ်း တောရိုးဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ပစ်ခတ်မှုကြောင့် ကိုပြည့်ဖြိုးမောင်တွင် ယာမျက်လုံး ဖောက်ဝင်ဒဏ်ရာတစ်ချက်နှင့် ဝဲဘက်ရင်ဘတ်မှ ဖောက်ဝင်ကာ ဝဲဘက်ကျောသို့ ဖောက်ထွက်ဒဏ်ရာတစ်ချက်၊ မရွှေယမင်းဦးတွင် နောက်လည်ဂုတ် ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ နောက်ကျောယာဘက် ဖောက်ဝင်ဒဏ်ရာတစ်ချက်နှင့် နဖူးယာဘက် ဖောက်ဝင် ဒဏ်ရာတစ်ချက်တို့ ရရှိခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။ ဒေါ်ခိုင်ခိုင်အောင်မှာလည်း ဝဲဘက်ဂျိုင်းအောက် ဖောက်ဝင်ဒဏ်ရာနှစ်ချက်နှင့် ယာဘက်လက်မောင်းဆုံ ဖောက်ဝင်ဒဏ်ရာတစ်ချက် ရရှိခဲ့သဖြင့် တောင်သာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်ဟု PAN သတင်းဌာနက ဖော်ပြသည်။

ကျူးလွန်သည့် တောင်သာ PDF အဖွဲ့ဖြစ်သော TaungTha People Defence Force အဖွဲ့ကမူ တောင်သာပြည်သူ့စစ်ခေါင်းဆောင်ကိုပြည့်ဖြိုးမောင်ကို သတ်ဖြတ်ကြောင်းသာ ဝန်ခံထားပြီး မသက်ဆိုင်သည့်အမျိုးသမီးနှစ်ဦးကိုပါ သတ်ဖြတ်လိုက်ကြောင်း လိမ်လည်ဖုံးဖိထားသည်။ ထိုသို့သော တောင်သာ PDF အဖွဲ့ကျူးလွန်မှူကြောင့် ကိုပြည့်ဖြိုးမောင်နှင့် မရွှေယမင်းဦးတို့၏ လေးလအရွယ် ရင်သွေးငယ်မှာ မိဘမဲ့အဖြစ်ကျန်ရစ်ခဲ့ရကြောင်းလည်း မိသားစုနှင့် နီးစပ်သူများ ပြောဆိုမှုအရ သိရသည်။
Photo – PAN
