◾ အပစ်အခတ်ရပ်စဲရေးက ရေရှည်ငြိမ်းချမ်းရေးကို ဦးတည်ဖြစ်ပေါ်စေရမှာဖြစ်ဟု ပူတင်က ဆို

၁၄.၃.၂၀၂၅
Translated by Htwe Ko Tun
ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်က အမေရိကန်ရဲ့ ယူကရိန်းစစ်ပွဲ ရက် ၃၀ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်က မူအားဖြင့် ကောင်းမွန်ပြီး ကျိုးကြောင်းညီညွတ်တယ်လို့ ရုရှားအစိုးရအနေနဲ့ယူဆကာ ထောက်ခံပေမယ့် ဆက်လက်ဆွေးနွေးဖို့ အချက်အလက်တွေ ကျန်ရှိနေသေးတာ တွေ့ရတယ်လို့ ရုရှားနိုင်ငံကိုရောက်ရှိနေတဲ့ ဘယ်လာရုစ် သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုနဲ့ တွေ့ဆုံပွဲအပြီးမှာ မတ်လ ၁၃ ရက်က ပြောခဲ့ပါတယ်။
သမ္မတပူတင်က ရုရှားအစိုးရအနေနဲ့လည်းပဋိပက္ခကို အဆုံးသတ်စေမယ့် နောက်အဆင့်တွေအတွက် တွေ့ဆုံညှိနှိုင်းဖို့ ပြင်ဆင်နေပြီး စစ်မြေပြင်မှာ လျင်မြန်စွာပြောင်းလဲနေတဲ့အခြေအနေပေါ်မူတည်လို့ သဘောတူညီချက်တွေရရှိရေး ကြိုးစားသွားမယ်လို့ အလေးထားပြောခဲ့တယ်လို့လည်း သိရပါတယ်။
ဆက်လက်ပြီး ပူတင်က “အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်က ရန်လိုမှုတွေကို အဆုံးသတ်စေမှာမို့ ရုရှားအစိုးရနဲ့လည်း သဘောချင်းတိုက်ဆိုင်ပါတယ်။ ဒါပေမယ့် အပစ်အခတ်ရပ်စဲရေးက ရေရှည်ငြိမ်းချမ်းရေးကို ဦးတည်ဖြစ်ပေါ်စေရမှာဖြစ်ပြီး အကျပ်အတည်းအခြေအနေရဲ့ အဓိကအကြောင်းရင်းတွေကို ဖြေရှင်းနိုင်ရမယ်။ ဒါကြောင့် ရုရှားအနေနဲ့ အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ကို ထောက်ခံပါဝင်သွားလိုတယ်။ ဒါပေမယ့် ကွဲပြားချက်တွေတော့ရှိနေသေးတယ်” လို့ ဆိုခဲ့ပါတယ်။
နောက်ဆုံးအနေနဲ့တော့ ပူတင်က “အမေရိကန်ရဲ့ အဆိုပြုချက်က ကောင်းမွန်မှန်ကန်မှုရှိလို့ ရုရှား အနေနဲ့လည်း မူအားဖြင့်ထောက်ခံတယ်။ အများအပြားကိုတော့ ဆက်ပြီးဆွေးနွေးဖို့ လိုလိမ့်ဦးမယ်။ ဥပမာအားဖြင့် ကာ့စ်ခ်ဒေသနဲ့ပတ်သက်လို့ ဘယ်လိုဆောင်ရွက်မယ်၊ အပစ်အခတ်ရပ်စဲရေးကို ဘယ်လို အကောင်အထည်ဖော်မယ်ဆိုတာတွေကို ရှင်းရှင်းလင်းလင်းမဖော်ပြထားတာတွေက သံသယရှိစရာလေးတွေ ဖြစ်တယ်”လို့ ပြောခဲ့ပါတယ်။
ဒီကာလအတွင်းမှာပဲ မတ်လ ၁၃ ရက်မှာ ရုရှားစစ်ဘက်က သူတို့အနေနဲ့ ယူကရိန်းတပ်တွေဝင်ရောက် သိမ်းပိုက်ထားတဲ့ ကာ့စ်ခ်ဒေသရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ Sudzha မြို့ကို ပြန်လည်သိမ်းပိုက်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ ရုရှားနိုင်ငံတောင်ပိုင်း ကာ့စ်ခ်ဒေသက ယူကရိန်းတို့အတွက်တော့ စစ်ပွဲပြီးဆုံးဖို့ ညှိနှိုင်းကြရင် ဆွေးနွေးပွဲတွေလုပ်ကြရင် သူ့ဖက်က ဖိအားပေးပြောနိုင်ဖို့ တစ်ခုထဲသော သိမ်းပိုက်နယ်မြေဖြစ် ပေမယ့် အခုအခါမှာတော့ရုရှားတပ်ဖွဲ့တွေက ကာ့စ်ခ်ဒေသမှာ ပြန်လည် အလေးသာလာတာ တွေ့နေရပါတယ်။
Ref. Tass News, CNN