
၁၄. ၃. ၂၀၂၅
Translated by Thettant
အမေရိကန် လေကြောင်းလိုင်းလေယာဉ်တစ်စင်းဟာ ကော်လိုရာဒိုပြည်နယ်က ဒန်ဗာနိုင်ငံတကာလေဆိပ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ခရီးသည်တွေကို လေယာဉ်ပေါ်ကနေ အရေးပေါ်ကယ်ထုတ်ခဲ့ရတယ်လို့ ဖက်ဒရယ်လေကြောင်းအာဏာပိုင်အဖွဲ့ (FAA) က ကြာသပတေးနေ့ညနေပိုင်းမှာ ပြောကြားခဲ့ပါတယ်။
အမေရိကန် လေကြောင်းလိုင်းက ဘိုးရင်း 737-800 လေယာဉ်ဟာ ကော်လိုရာဒိုစပရင်းမြို့ကနေ ပျံသန်းလာချိန် အင်ဂျင်တုန်ခါမှုကို ကြုံတွေ့ခဲ့လို့ ဒဲလပ်မြို့ဆီ ဦးတည်ထားတဲ့ခရီးစဉ်ကို ပြောင်းလဲကာ ဒန်ဗာလေဆိပ်ကို ညနေ ၅ နာရီ ၁၅ မိနစ်မှာ အရေးပေါ် ဆင်းသက်ခဲ့တာပါ။ လေဆိပ်ပြောရေးဆိုခွင့်ရှိသူ Michael Konopasek က USA TODAY ကို မီးလောင်မှုဖြစ်ပွားပြီး မီးခိုးတွေ မြင်တွေ့ရတယ်လို့ ပြောခဲ့ပါတယ်။
“ဒန်ဗာနိုင်ငံတကာလေဆိပ်ကို ဘေးကင်းစွာ ဆင်းသက်ပြီး ဂိတ်သို့ ရောက်ရှိချိန် အမေရိကန် လေကြောင်းလိုင်း Flight -1006 ဟာ အင်ဂျင်နဲ့ဆိုင်တဲ့ ပြဿနာတစ်ခုကို ကြုံတွေ့ခဲ့ရတယ်” လို့လေကြောင်းလိုင်းက ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
“ခရီးသည် ၁၇၂ ဦးနဲ့ လေယာဥ်အမှူထမ်း ၆ ဦးဟာ လေယာဉ်က ဆင်းသက်ပြီး လေဆိပ်ဆီကယ်ဆယ်ခဲ့ရပါတယ်။ လေယာဉ်ပေါ်နဲ့ မြေပြင်က လူအားလုံးရဲ့ ဘေးကင်းရေးကို ဦးစားပေးတဲ့ ကျွန်ုပ်တို့ရဲ့ ဝန်ထမ်းတွေ၊ ဒန်ဗာအဖွဲ့နဲ့ ပထမဆုံးကူညီတုံ့ပြန်သူတွေရဲ့ လျင်မြန်စွာ ဆုံးဖြတ်ဆောင်ရွက်မှုအတွက် ကျေးဇူးတင်ရှိပါတယ်”လို့လည်း လေကြောင်းလိုင်းက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
FAA က ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောကြားခဲ့ပေမဲ့ ဘိုးရင်းကတော့ ဖြစ်စဥ်ကို မှတ်ချက်မပြုဘဲ အမေရိကန် လေကြောင်းလိုင်းနဲ့ စုံစမ်းစစ်ဆေးသူတွေထံ မေးမြန်းချက်များစွာကို လွှဲပြောင်းပေးခဲ့ပါတယ်။
X မှာ တင်ထားတဲ့ ဗီဒီယိုတစ်ခုမှာ ခရီးသည်တွေဟ လေယာဉ်ဆင်းသက်ပြီးနောက် လေယာဉ်အတောင်ပံပေါ် လမ်းလျှောက်နေချိန် အင်ဂျင်က မီးခိုးတွေ ထွက်ပေါ်နေတာကို မြင်တွေ့ရပါတယ်။ နောက်ပိုင်းမှာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက ခရီးသည်တွေ ဆင်းသက်နိုင်ဖို့ လှေကားတွေ ယူဆောင်ပေးခဲ့တာ တွေ့ရပါတယ်။
လေဆိပ်က မီးသတ်သမားတွေဟာ မီးကို ငြိမ်းသတ်နိုင်ခဲ့ကြောင်း အတည်ပြုခဲ့သလို ဒဏ်ရာရသူတွေ မရှိကြောင်းလည်း သတင်းပို့ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့ကလည်း အမေရိကန် လေကြောင်းလိုင်းရဲ့ ဒေသဆိုင်ရာ လေယာဉ်တစ်စင်းနဲ့ စစ်တပ်ရဲ့ရဟတ်ယာဉ်တစ်စင်း တိုက်မိပြီး လူ ၆၇ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်လည်း ဖြစ်ပွားခဲ့ပြီး ဒီအင်ဂျင်မီးလောင်မှုဟာ အမေရိကန် လေကြောင်းလိုင်းရဲ့ လုံခြုံရေးကို မေးခွန်းထုတ်ခဲ့ရတဲ့ လူသိများတဲ့ လေကြောင်းမတော်တဆမှု ဖြစ်ရပ်တွေထဲက နောက်ဆုံးဖြစ်ရပ်ဖြစ်ပါတယ်။
Ref, USA Today
