၁၄.၁၁.၂၀၂၆
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်၊ ဂိုလာဂတ်ခရိုင်၊ ကာဇီရန်ဂါးအမျိုးသား ဥယျာဉ်အနီးတွင် ခရီးသည်တင်မီနီဘတ်စ်ကားတစ်စီးနှင့် ကုန်သေတ္တာတင်ထရပ်ကားတစ်စီးတို့ နိုဝင်ဘာလ ၁၃ ရက်က ခေါင်းချင်းဆိုင် တိုက်မိမှုကြောင့် အနည်းဆုံး လူ ၂၄ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုက ကုလသမဂ္ဂအဖွဲ့၏ ကမ္ဘာ့အမွေအနှစ်နေရာဖြစ်သည့် ကာဇီရန်ဂါးအမျိုးသား ဥယျာဉ်အနီးတွင် ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူများကို ဂျောဟတ် (Jorhat) ဆေးကောလိပ်နှင့် ဆေးရုံသို့ ပို့ဆောင်ထားခဲ့ရသည်။
အာသံပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးအတူလ်ဘိုရာက ယာဉ်တိုက်မှုတွင် သေဆုံးသူ အများစုသည် ကောလိပ် ကျောင်းသားများဖြစ်ကြကြောင်း ပြောခဲ့သည်။ သို့သော် ၎င်းတို့အား မည်သူမည်ဝါဖြစ်ကြောင်း လူသိရှင်ကြားဖော်ထုတ်ခြင်း မရှိသေးပေ။

ယာဉ်တိုက်မှုဖြစ်ပွားချိန်တွင် ယာဉ်များအနက်မှ တစ်စီးသည် အရှိန်ပြင်းစွာမောင်းနှင်လာခဲ့ခြင်းဖြစ်နိုင်ကြောင်း မျက်မြင်သက်သေများက ပြောကြားသော်လည်း အကြောင်းရင်းအတိအကျကိုမူ စုံစမ်းစစ်ဆေးပြီးနောက်မှသာ သိနိုင်မည်ဖြစ်ကြောင်း ဘိုရာက ပြောကြားခဲ့သည်။
အာသံပြည်နယ်ဝန်ကြီးချုပ် ဟီမန်သာ ဘစ်ဝါ ဆာမာက “ဤဆုံးရှုံးမှု၏အတိုင်းအတာက ကျွန်တော့်် အားလုံးကိုတုန်လှုပ်စေတယ်” ဟု X တွင် ပို့စ်တစ်ခုရေးခဲ့သည်။
၎င်းက “ကျွန်တော်တို့ရဲ့ အဓိက ဦးစားပေးမှုက ဒဏ်ရာရသူတွေကို နှောင့်နှေးခြင်းမရှိဘဲ အကောင်းဆုံး ဖြစ်နိုင်တဲ့ ဆေးကုသမှုကို ရရှိစေဖို့ ဖြစ်ပါတယ်” ဟုပြောခဲ့သည်။
အဆိုပါဘတ်စ်ကားသည် ဘိုကာခတ်မြို့ မှခရီးသည်များတင်ဆောင်ပြီး နာဂေါင်မြို့ဘက်သို့ ဦးတည်မောင်းနှင်လာခြင်းဖြစ်သည်။
ဘိုကာခတ်မြို့သည် ၎င်း၏ ချိုတစ်ချောင်းသာရှိသော ကြံ့များအတွက် ကာဇီရန်ဂါး အမျိုးသား ဥယျာဉ်၏ တံခါးပေါက်အဖြစ် လူသိများသည်။
နာဂေါင်မြို့သည် ဘိုကာခတ်မြို့ ၏အနောက်ဘက် ကီလိုမီတာ ၁၂၀ (၇၄ ဒသမ ၅ မိုင်) အကွာတွင် အာသံပြည်နယ်အလယ်ပိုင်းရှိ အရေးကြီးသော စိုက်ပျိုးရေးနှင့် ကူးသန်းရောင်းဝယ်ရေးဗဟိုဌာနတစ်ခု ဖြစ်သည်။

အိန္ဒိယနိုင်ငံတွင်လမ်းမတော်တဆမှုများကြောင့် နှစ်စဉ် လူထောင်ပေါင်းများစွာ သေဆုံးရလျက်ရှိသည်။
၂၀၂၃ ခုနှစ်က အိန္ဒိယလမ်းများပေါ်တွင် လူပေါင်း ၁၇၂,၀၀၀ ဦး သို့မဟုတ် တစ်ရက်လျှင် ၄၇၄ ဦး ယာဉ်မတော်တဆမှုများကြောင့် သေဆုံးခဲ့သည်။ ၎င်းကအကြမ်းဖျင်းအားဖြင့် သုံးမိနစ်လျှင် တစ်ဦးနှုန်း ယာဉ်မတော်တဆမှုများကြောင့် သေဆုံးနေရခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ်တွင် ယာဉ်မတော်တဆမှုများကြောင် သေဆုံးသူ ၁၈၃,၃၈၂ ဦးအထိ တိုးလာခဲ့သည်။
Ref: BBC

