၁၄.၁၁.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ နယူးအော်လန်မြို့ သင်္ဘောဆိပ်တွင် ကုန်တင်သင်္ဘောနှင့် လူ ၁၃၀ ခန့် လိုက်ပါလာသည့် ခရီးသည်တင် အပျော်စီးသင်္ဘောတစ်စင်းတို့ နိုဝင်ဘာလ ၁၃ ရက်က တိုက်မိခဲ့ရာ လှော်တက်ဘီးတပ် ခရီးသည်တင်သင်္ဘောမှာ တိမ်းမှောက်သွားခဲ့သည်။ လူ ၃၀ ကျော်ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရသော်လည်း ခရီးသည်များအားလုံး အသက်ရှင်ကျန်ရစ်ခဲ့ပြီး အားလုံး ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၊ မစ္စစ္စပီ မြစ်ပေါ်တွင် နိုဝင်ဘာလ ၁၃ ရက်ကဖြစ်ပွားခဲ့သော အဆိုပါ ကုန်တင်သင်္ဘောနှင့် ခရီးသည်တင်သင်္ဘော တိုက်မိမှု၌ လူ ၃၀ ကျော် ဆေးရုံတင်ခဲ့ရသော်လည်း သေဆုံးသူ မရှိကြောင်း၊ ခရီးသည်နှင့် သင်္ဘောဝန်ထမ်း အနည်းဆုံး ၁၈၀ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူများကလည်း ပြောကြားခဲ့သည်။

နယူးအော်လန် မြို့တော်ဝန် ဟယ်လီနာ မိုရီနိုက ၎င်းဖြစ်ရပ်ကို မစ္စစ္စပီမြစ်ပေါ်က အံ့ဖွယ်အမှုတစ်ခုဟု ဖော်ပြခဲ့ပြီး ဆေးရုံတင်ထားရသူများအနက် မည်သူမျှ အသက်အန္တရာယ်စိုးရိမ်ရလောက်သည့် ဒဏ်ရာများ မရရှိခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
“The American Heritage” ဟု အမည်ရသည့် လှော်တက်ဘီးတပ် ခရီးသည်တင်သင်္ဘောကို ၎င်းထက် များစွာကြီးမားသော ကုန်တင်သင်္ဘောက တိုက်မိပြီးနောက် တိမ်းမှောက်သွားပုံကို ရုပ်သံမှတ်တမ်းများတွင် တွေ့မြင်ရသည်။ ထို့ပြင် အသက်ကယ်အင်္ကျီများ ဝတ်ဆင်ထားသည့် ကယ်ဆယ်ရေးအဖွဲ့များက လူများကို ရေထဲမှ ဆယ်ယူရန် အလျင်အမြန် ရောက်ရှိလာသည်ကိုလည်း တွေ့ရသည်။
ဤမတော်တဆမှုက နယူးအော်လန်မြို့ ဆိပ်ကမ်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိပ်ကမ်း၌ ရပ်နားထားသည့် ခရီးသည်တင်သင်္ဘောကို Atlantic Asphalt အမည်ရှိ ကုန်တင်သင်္ဘောက ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်။
“အခြေအနေက ရှုပ်ထွေးပွေလီပြီး အတော်လေး ဆိုးရွားခဲ့ပါတယ်” ဟု မျက်မြင်သက်သေ ဒေသခံ ဒီဗွန် ဖလာနာဂန်က ပြောကြားကြောင်း AP သတင်းဌာနက ဖော်ပြထားသည်။

“အဲဒီနေရာမှာ တခြားကုန်တင်တွဲသင်္ဘောတွေ၊ ကုမ္ပဏီအမျိုးမျိုးက သင်္ဘောတွေ ရောက်လာပြီး ကူညီပေးဖို့ ကြိုးစားနေကြပါတယ်။ ဒါပေမဲ့ ရေထဲမှာ လူတွေ ရှိနေသေးတဲ့အတွက် အခြေအနေက ပိုပြီး ရှုပ်ထွေးသွားခဲ့ပါတယ်” ဟု ၎င်းက အဖြစ်အပျက်ကို ရှင်းပြသည်။
“The American Heritage” သင်္ဘောကို ပြေးဆွဲပေးနေသည့် American Cruise Lines ကုမ္ပဏီက ထုတ်ပြန်ချက်တစ်ခုတွင် “ခရီးသည်များနှင့် သင်္ဘောဝန်ထမ်းများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး ဤဖြစ်ရပ်တွင် ပါဝင်ပတ်သက်သူအားလုံးအတွက် ကျွန်ုပ်တို့ အလွန်စိုးရိမ်ပူပန်မိပါသည်”ဟု ဖော်ပြထားသည်။
AP သတင်းဌာန၏ အဆိုအရ အဆိုပါခရီးသည်တင်သင်္ဘောကို ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ငါးထပ်မြင့်ကာ ခရီးသည် ၁၅၀ အထိ တင်ဆောင်နိုင်ကြောင်း သိရသည်။ ၎င်းသင်္ဘောသည် လူစီယားနားနှင့် မစ္စစ္စပီပြည်နယ်များရှိ မစ္စစ္စပီ မြစ်ကြောင်းတစ်လျှောက် နေရာအများအပြားကို ရှစ်ရက်ကြာ သွားရောက်လည်ပတ်မှု ခရီးစဉ်အပြီး ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။
လူစီယားနား ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျက်ဖ်လန်ဒရီက ၎င်းသည် နယူးအော်လန်မြို့သို့ သွားရောက်နေကြောင်း ပြောကြားခဲ့သည်။
“မစ္စစ္စပီ မြစ်ပေါ်က ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သိရှိထားပါတယ်။ ဒေသဆိုင်ရာ တာဝန်ရှိ သူတွေ၊ ဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေနဲ့လည်း အနီးကပ် ဆက်သွယ်ဆောင်ရွက်နေပါတယ်” ဟု ၎င်းက X တွင် ရေးသားဖော်ပြထားသည်။
အမေရိကန် ပြည်တွင်းလုံခြုံရေးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် မာ့က်ဝိန်း မူလင်းက “ပျောက်ဆုံးနေသူ ခရီးသည်များကို ရှာဖွေကယ်ဆယ်ရေးအတွက် ကျွန်တော်တို့မှာ ရှိသမျှ အရင်းအမြစ်အားလုံးကို အသုံးပြုဆောင်ရွက်နေပါတယ်” ဟု လူမှုမီဒီယာတွင် ရေးသားခဲ့ပြီး ၎င်း၏ဌာနအနေဖြင့် ပြည်နယ်အစိုးရ တာဝန်ရှိသူများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း ဖော်ပြထားသည်။
Ref: AP
