သတိုး
၁၃. ၁၁. ၂၀၂၆
အမေရိကန်နှင့် မြန်မာနိုင်ငံအကြား နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်တည်ဆောက်ရာတွင် မြေရှားသတ္တုကို ဦးစားပေးကဏ္ဍတစ်ခုအဖြစ် သတ်မှတ်ရန်နှင့် တရုတ်နိုင်ငံ လွှမ်းမိုးထားသော သတ္တုတူးဖော်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ အရှိန်မြှင့်လုပ်ဆောင်ရန် အမေရိကန်ပြည်ထောင်စုကို မြန်မာအစိုးရက အလိုရှိနေသည်ဟု The Nation သတင်းဌာနက ဖော်ပြသည်။
အမေရိကန်နှင့် မြန်မာတာဝန်ရှိသူများအကြား လပေါင်းများစွာ သီးသန့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ တောင်းဆိုလာခြင်းလည်း ဖြစ်သည်။ မကြာသေးမီက ထုတ်ပြန်ခဲ့သော အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ မဟာဗျူဟာတွင် ဝါရှင်တန်၏ ဩဇာလွှမ်းမိုးမှုကို တိုးချဲ့ရန်နှင့် မြန်မာနိုင်ငံ၏ မြေရှားသတ္တုသိုက်များကို လက်လှမ်းမီနိုင်ရေး အလားအလာများကို ဖော်ပြထားသည်။
◾️ ပိုမိုရည်မှန်းချက်ကြီးမားသော အမေရိကန် ရင်းနှီးမြှုပ်နှံမှု ပန်းတိုင်များထားရှိရန် မြန်မာက တွန်းအားပေး
ဝါရှင်တန်၏ မဟာဗျူဟာတွင် အမေရိကန်ကုမ္ပဏီများအတွက် တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၅ သန်းကျော် တန်ဖိုးရှိသော အဓိက ကူးသန်းရောင်းဝယ်ရေး သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက် အနည်းဆုံး ၃ ခု ရရှိရန် ရည်မှန်းထားသည်။ မြန်မာအစိုးရကမူ ထို့ထက်ပိုမိုကြီးမားသော ကတိကဝတ်များ ထားရှိရန် တွန်းအားပေးနေသည်။
ဝါရှင်တန်အခြေစိုက် စည်းရုံးလှုံ့ဆော်ရေးကုမ္ပဏီ DCI Group သည် မြန်မာပြန်ကြားရေးဝန်ကြီးဌာနကိုယ်စား ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် ထုတ်ဝေသည့် သတင်းလွှာတစ်စောင်၌ မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံသည် အမေရိကန်နှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်ရာတွင် အကူအညီရယူရန် ၂၀၂၅ ခုနှစ်တွင် အဆိုပါကုမ္ပဏီကို ငှားရမ်းခဲ့ခြင်းဖြစ်သည်။
“အဆုံးစွန်ပြောရရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံကို သံတမန်ရေးရာ စိန်ခေါ်မှုတစ်ခုအဖြစ်သာ မရှုမြင်ဘဲ အရေးပါတဲ့ တွင်းထွက်သယံဇာတဆိုင်ရာ ဦးစားပေးနိုင်ငံတစ်ခုအဖြစ် ဆက်ဆံသင့်ပါတယ်” ဟု DCI Group က ရေးသားခဲ့သည်။
သတ္တုတွင်းထွက်များသည် မြန်မာနိုင်ငံ၏ စီးပွားရေး အလားအလာကို အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် ကုန်စည်စီးဆင်းမှု ဦးစားပေးကဏ္ဍများနှင့် ချိတ်ဆက်ပေးထားသောကြောင့် ပိုမိုနီးကပ်သော ဆက်ဆံရေးအတွက် သဘာဝကျသည့် စတင်ရာအမှတ်တစ်ခုဖြစ်ကြောင်း DCI Group က ထောက်ပြခဲ့သည်။
မြန်မာနိုင်ငံ၏ သယံဇာတ အရင်းအမြစ်များနှင့် တရုတ်နိုင်ငံကို ယှဉ်ပြိုင်လိုသည့် အမေရိကန်၏ ပြောကြားထားသော ရည်မှန်းချက်တို့နှင့် နှိုင်းယှဉ်ပါက ဝါရှင်တန်၏ ကူးသန်းရောင်းဝယ်ရေး ရည်မှန်းချက်မှာ အတန်အသင့်မျှသာ ဖြစ်နေကြောင်း ၎င်းက ဖော်ပြခဲ့သည်။
“တရုတ်နိုင်ငံဟာ မြန်မာ့သယံဇာတကဏ္ဍမှာ သူတို့ရဲ့ နေရာကို တည်ဆောက်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ပြီးဖြစ်သလို သူတို့ရဲ့ ကုမ္ပဏီတွေနဲ့ ကြားခံပွဲစားတွေကလည်း အလွယ်တကူ ဖယ်ရှားလို့မရနိုင်တဲ့ အားသာချက်တွေကို ရရှိထားပြီး ဖြစ်ပါတယ်” ဟု အဆိုပါကုမ္ပဏီက ဖြည့်စွက်ပြောကြားခဲ့သည်။
◾️ မြန်မာ၏ မြေရှား အဓိက ထုတ်လုပ်ရာနေရာများကို လက်နက်ကိုင်အဖွဲ့က ထိန်းချုပ်ထား
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ အဓိက မြေရှားသတ္တု ထုတ်လုပ်ရာနေရာများကို တပ်မတော်အား တိုက်ခိုက်နေသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ယာယီ ထိန်းချုပ်ထားသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့အကြီးစား မြေရှားသတ္တု (Heavy Rare Earths) အဓိက ထွက်ရှိရာ နေရာတစ်ခုဖြစ်ပြီး အများစုကို လျှပ်စစ်ကားများ၊ လေအားလျှပ်စစ် တာဘိုင်များနှင့် အခြားအဆင့်မြင့် နည်းပညာများတွင် အသုံးပြုသည့် သံလိုက်များအဖြစ် ထုတ်လုပ်ရန် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့မြေရှား စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်နေပြီး မြန်မာနိုင်ငံမှ တင်သွင်းသော ကုန်ကြမ်းများအပေါ် တစ်စိတ်တစ်ပိုင်း မှီခိုနေရသည်။ ပေကျင်းအစိုးရသည် မကြာသေးမီက အဆိုပါစက်မှုလုပ်ငန်းအပေါ် နိုင်ငံတော်၏ ထိန်းချုပ်မှုကို ပိုမိုတင်းကျပ်ခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်သည် ရာထူးပြန်လည်ရယူချိန်မှစ၍ မြေရှားသတ္တုကို အမျိုးသားလုံခြုံရေး ဦးစားပေးအဖြစ် သတ်မှတ်ခဲ့ပြီး တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို လျှော့ချရန် ကြိုးပမ်းမှုအဖြစ် ကုမ္ပဏီအများအပြားသို့ ဒေါ်လာဘီလီယံပေါင်းများစွာ ခွဲဝေချထားပေးခဲ့သည်။
အရေးယူပိတ်ဆိုမှုများစွာဖြင့် မြန်မာနိုင်ငံကို အထီးကျန်ဖြစ်စေရန် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ပြီးနောက် လမ်းကြောင်းပြောင်းလဲကာ ဝါရှင်တန်သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တိုက်ရိုက်ဆွေးနွေးမှုများ စတင်ခဲ့သည်။
၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းမှုအပြီးတွင် အမေရိကန်သည် နယူးယောက် ဗဟိုဘဏ်ရှိ မြန်မာနိုင်ငံ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခဲ့ပြီး ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။
ဝါရှင်တန်အနေဖြင့် “အမေရိကန် စီးပွားရေးလုပ်ငန်းများအတွက် ပြည်တွင်းလုပ်ငန်းလည်ပတ်မှု ပတ်ဝန်းကျင်ကို မြှင့်တင်ပေးခြင်းနှင့် နိုင်ငံတည်ငြိမ်အေးချမ်းစေမည့် စစ်မှန်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆီသို့ တည်ဆောက်ခြင်း” အပါအဝင် ဦးစားပေးလုပ်ငန်းများတွင် တိုးတက်မှုရှိစေရန် အားပေးတိုက်တွန်းနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ရိုက်တာသတင်းဌာနသို့ တုံ့ပြန်ဖြေကြားရာ၌ တရုတ်နှင့် မြန်မာတို့သည် အထူးနှောင်ဖွဲ့မှုရှိသော “ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းများနှင့် အရေးပါသော မိတ်ဖက်များ” ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို နိုင်ငံရေးအသွင်ဆောင်အောင် လုပ်ဆောင်ခြင်းကို ကန့်ကွက်ကြောင်းနှင့် တည်ငြိမ်သော စက်မှုလုပ်ငန်းနှင့် ကုန်စည်စီးဆင်းမှု ကွင်းဆက်များကို ထိန်းသိမ်းရန် နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်ရန် ပေကျင်းက အသင့်ရှိနေကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
မြန်မာအစိုးရဘက်ကမူ မှတ်ချက်ပေးရန် ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပေ။
Ref: The Nation
