၁၃.၁၁.၂၀၂၆
Written by Linn Eain
ကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ Happy Water နှင့် ကက်တမင်းအမျိုးအစား မူးယစ်ဆေးဝါးများကို နိုဝင်ဘာ ၁၁ ရက်က စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းရှိ နေအိမ်တစ်ခုအတွင်းမှ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar က နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ကမာရွတ်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဟံသာဝတီလမ်းတွင် လမ်းလျှောက်လာသူ အောင်မြင့်(ခ)ကျားရီအား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၁၅၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၉၀)နှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စစ်ဆေးဖော်ထုတ်ချက်အရ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်ခန့်တွင် ၎င်းနေထိုင်သည့် စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း (တောင်)ရပ်ကွက်၊ ကျွန်းတောလမ်းရှိ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၃ ဒသမ ၆၇၁ ကီလို (ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၂၂၀၂ ဒသမ ၆ သိန်း)နှင့် ကက်တမင်းအလေးချိန် ၁ ဒသမ ၈၅ ကီလို (ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၁၁၀)တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အောင်မြင့်(ခ)ကျားရီ(၃၃)နှစ်အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
