၅. ၁၂. ၂၀၂၅
Translated Thettant
ကမ္ဘောဒီးယားနိုင်ငံအရှေ့တောင်ပိုင်း၊ ဗီယက်နမ်နယ်စပ်အနီးရှိ ဆဗေးရီးရန့်(Svay Rieng) ပြည်နယ်၊ ဘာဗက်(Bavet) မြို့ရှိ မှုခင်းရဲတပ်ဖွဲ့မှ အရာရှိများသည် နေအိမ်တစ်လုံးကို ဝင်ရောက်စီးနင်းခဲ့ပြီး ပြန်ပေးဆွဲခံရသူ တရုတ်နိုင်ငံသားခြောက်ဦးကို ကယ်ဆယ်နိုင်ခဲ့ကာ သံသယရှိသူ တရုတ်နှင့် မြန်မာနိုင်ငံသား ရှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ဒီဇင်ဘာ ၄ ရက်နေ့ နံနက်အစောပိုင်းတွင် တရုတ်နှင့် မြန်မာနိုင်ငံသား အုပ်စုတစ်စုသည် တရုတ်အမျိုးသားတစ်ဦးကို ပြန်ပေးဆွဲပြီး Range Rover ကားပေါ်သို့ အတင်းအကျပ်တင်ဆောင်ကာ ဘာဗက်မြို့ရှိ အမှတ် (၁) အမျိုးသားလမ်းမဘေး နေရာတစ်နေရာမှ မောင်းထွက်သွားခဲ့သည်။
ထိုသတင်းအရ မှုခင်းဌာနမှ အထူးတပ်ဖွဲ့ဝင်များသည် ဆဗေးရီးရန့်ပြည်နယ် ရဲကော်မရှင်နာရုံးနှင့် ပူးပေါင်းကာ လူတစ်ဦးအားဖမ်းဆီးသွားသူများကို ရှာဖွေမှု ပြုလုပ်ခဲ့သည်။ ၎င်းတို့သည် သံသယရှိသူများက ပြန်ပေးဆွဲခံရသူကို ထိန်းသိမ်းထားသောနေရာအား အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့သည်။
ထိုနေ့ ညနေ ၃ နာရီ မတိုင်မီတွင် ကမ္ဘောဒီးယားအရာရှိများက အဆိုပါ သတင်းရနေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသားနှစ်ဦးဖြစ်သော လီလင်း (Li Ling) နှင့် ဝမ်ကျင်း (Wang Jing) တို့အပြင် မြန်မာနိုင်ငံသား ခြောက်ဦးဖြစ်သော အိုင်နီ (Ai Ni)၊ စိုင်းအောင်ရှိန် (Sai Aung Xieng)၊ အာစံ (A San)၊ အိုင်လုံး (Ai Long)၊ စန်းရီကွန်း (San Yi Kun) နှင့် နီလျဲ (Ni Lie) တို့ကို ဖမ်းဆီးနိုင်ခဲ့သည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အရာရှိများသည် ထိုနေအိမ်တွင် ဖမ်းဆီးခံရသူတစ်ဦးအပါအဝင် ပြန်ပေးဆွဲခံရသော တရုတ်အမျိုးသား ခြောက်ဦးကို ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး ညှဉ်းပန်းနှိပ်စက်ရာတွင် အသုံးပြုသော ပစ္စည်းကိရိယာ အများအပြားကို သိမ်းဆည်းရမိခဲ့သည်။ ဖမ်းမိတရားခံများသည် ကျားဖြန့်ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွှယ်သည်ဟု ယူဆထားပြီး သံသယရှိသူများနှင့် သက်သေခံပစ္စည်းများကို တရားဥပဒေအရ ဆက်လက်ဆောင်ရွက်နိုင်ရန် ဆဗေးရီးရန့်ပြည်နယ်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
Ref : The Phnompenh Post
