၅.၁၂.၂၀၂၅
Written by Linn Eain
၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
(SEA Games) တွင် မြန်မာနိုင်ငံမှ အားကစားနည်း (၃၈)မျိုး၌ ကစားသမား ၁၅၀၀ ခန့် ပါဝင်ယှဉ်ပြိုင်မည်ကြောင်း အားကစားဝန်ကြီးဌာနမှ သိရသည်။
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် ၃၃ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အထိ ဘန်ကောက်မြို့နှင့် ချွန်ဘူရီမြို့တို့တွင်ကျင်းပမည်ဖြစ်သည်။
ထိုင်းဆီးဂိမ်းပြိုင်ပွဲကြီးကို အားကစားနည်း စုစုပေါင်း (၅၄)မျိုးထည့်သွင်း ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၃၈)မျိုးတွင် ပါဝင်ယှဥ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။








မြန်မာနိုင်ငံမှ ဝင်ရောက်ယှဥ်ပြိုင်မယ့် အားကစားနည်းများမှာ ဘောလုံး၊ ဖူဆယ်၊ ဘတ်စကက်ဘော၊ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ခြင်းလုံး၊ ခရစ်ကက်၊ ဟော်ကီ၊ တက်ဂ်ဘော(Teqball)၊ ကြက်တောင်၊သေနတ်ပစ်၊ မြားပစ်၊ ပြေးခုန်ပစ်၊ ဘိလိယက်နှင့် စနူကာ၊ ဘိုးလင်း၊ စစ်တုရင်၊ E-Sports ၊ ဂေါ့ဖ် ၊ ပီတန်း ၊စကိတ် ၊ မြင်းစီး၊ စက်ဘီး၊ ရေကူး၊ ကျွမ်းဘား၊ လှေလှော်၊ ရွက်လှေ၊ ခဘာဒီ(Kabaddi)၊ အလေးမ ၊ နပန်း၊ မွေ၊ လက်ဝှေ့၊ ကစ်ဘောင်ဆင်(Kickboxing)၊ ဂျူဂျစ်ဆု၊ ဂျူဒို၊ ကရာတေး၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ ပန်ကြပ်ဆီလတ်တို့ဖြစ်ကြသည်။
၃၃ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရသူများကို ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာ ၁၉ ရက်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ကို အောင်နိုင်ရေးအလံပေးအပ်သည့်အခမ်းအနားတွင် ပြောကြားထားသည်။
