၂၁.၁၀.၂၀၂၆
Written by KL
မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ(၁)ရပ််ကွက်၊ မီတာ ၄၀၀ အားကစားကွင်းတွင် မြို့နယ်အဆင့် ဘောလုံးပြိုင်ပွဲ ကစားနေကြစဉ် ကစားသမားတစ်ဦး သတိလစ်ကာ သေဆုံးမှု ယမန်နေ့ အောက်တိုဘာလ ၂၀ ရက် ညနေ ၆ နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်သူများထံမှ သိရသည်။
မုဒုံမြို့မအားကစားကွင်းတွင် မြို့မ (၁) အသင်းနှင့် ကွမ်လှာအသင်းတို့ ဘောလုံးကစားနေစဥ် မြို့မ (၁) အသင်းမှ ကျောနံပါတ် (၂၁) ကိုသားကြီးမှာ လူစားလဲကာ ကွင်းဘေးနားနေချိန်၌ သတိလစ် မေ့လဲကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတိမေ့ကာ လဲကျသူ ကစားသမားကို မြန်မာ့လူငယ် (မုဒုံ)အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (Y.Rescue) နှင့် မုဒုံမြို့နယ်ကြက်ခြေနီအသင်းမှ ကြက်ခြေနီတို့က ရှေးဦးသူနာပြုစုနည်းဖြင့် ပြုစုကာ မုဒုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံအရောက်တွင် သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူ ကစားသမားမှာ မုဒုံမြို့၊ မြို့မ(၃)ရပ်ကွက်တွင် နေထိုင်သူဖြစ်ကာ ဆိုင်ကယ် အရောင်းပြခန်း ဖွင့်လှစ်ထားသူဖြစ်ကြောင်း သိရသည်။
“နေပူပြင်းနေတဲ့အခါမှာ အားကစားလုပ်တာကို သတိလေးထားပြီး လုပ်စေချင်တယ်၊ မွန်ပြည်နယ်မှာ နေပူပြင်းလို့ သေဆုံးတဲ့သူ ၇ယောက်လောက်ရှိနေပြီ သတိထားကြပါဗျာ”ဟု မုဒုံဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက် ညနေ ၅ နာရီကျော်အချိန်ကလည်း မုဒုံမြို့၊ မီတာ ၄၀၀ အားကစားကွင်းတွင် မိုးကြိုးပစ်ချရာမှ ဘောလုံးကွင်းအတွင်း ကစားနေသော Lion City ဘောလုံးအသင်း၏ ကျောနံပါတ် ၉၊ အသက် ၂၉ နှစ်အရွယ်ကစားသမား ကိုသန်းတိုးအောင်(ခ) Sa Sa မှာ မိုးကြိုးထိမှန်၍ သေဆုံးခဲ့ကြောင်း သိရသည်။
