နေမိုး
၂၁. ၁၀. ၂၀၂၆
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်တွင် နေအိမ်နှင့် တွဲထားသည့် စတိုးဆိုင်ဝင်ဖောက်သည့် သူခိုးက ပက်ပင်းတိုးသည့်အိမ်ရှင်ကို ဓားဖြင့်ထိုး၍ အမျိုးသားငယ်တစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဦး စိုးရိမ်ဒဏ်ရာရမှု ယနေ့ အောက်တိုဘာ ၂၁ ရက် ကူးစအချိန်တွင် ဖြစ်ပွားခဲ့ကြောင်း ကနဦး သိရသည်။
ဖြစ်စဥ်မှာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ (၃) လမ်းရှိ နေအိမ်နှင့် စတိုးဆိုင်တွဲထားသည့် ဆိုင်ကို သူခိုးတစ်စုက အောက်တိုဘာ ၂၁ ရက်ကူးစ ညသန်းခေါင်ကျော် ၁ နာရီခန့်အချိန် ဝင်ရောက် ဖောက်ထွင်းရာ အိပ်ရာနိုးလာသည့် အိမ်ရှင်လူငယ်နှင့် ပက်ပင်းတိုးသဖြင့် ဓားဖြင့်ထိုး၍ ထွက်ပြေးရာမှ အသက် ၂၄ နှစ်အရွယ် အမျိုးသားမှာ နေရာတွင်ပင် သေဆုံးကာ အသက် ၆၀ ကျော်အရွယ် အဒေါ်ဖြစ်သူမှာလည်း စိုးရိမ်ဒဏ်ရာများ ရရှိခဲ့သည်ဟု ကူညီပေးခဲ့သူတစ်ဦးက ဆိုသည်။
ထိုဖြစ်စဥ်အပေါ် သေဆုံးအမျိုးသား၏ ချစ်သူဖြစ်သည့် အမျိုးသမီးငယ်က အောက်တိုဘာ ၂၀ ရက်မှာ ချစ်သူသက်တမ်း နှစ်နစ်ပြည့် နှစ်ပတ်လည်ဖြစ်ပြီး ည ၉ နာရီခွဲအချိန်မှ ချစ်သူနှစ်ဦး နေအိမ်ကိုယ်စီပြန်သွားကြောင်း၊ ပြန်ချိန်တွင် စိတ်ပူနေမည်စိုး၍ Discord မှ Video Call ခေါ်ထားကာ Screen Share ပေးထားကြောင်း၊ ည ၁ နာရီခွဲအချိန် အမျိုးသားငယ်ဘက်မှ ဆူညံသံများကြားရသဖြင့် လန့်နိုးလာသော်လည်း ထိုသို့ အဖြစ်ကြုံမည်မထင်ကြောင်း၊ အမျိုးသားငယ်ဆုံးပြီ ဆိုသည်ကြားရသည့်အတွက် ညတွင်းချင်း နေအိမ်အထိ လိုက်သွားသော်လည်း အလောင်းမှာ ရေခဲတိုက်တွင် ရှိနေပြီး မှုခင်းကိစ္စဖြစ်သည့်အတွက် မိသားစုပင် ကြည့်ခွင့်မရကြောင်းနှင့် “သူခိုးဓားပြ တွေလည်း ပစ္စည်းဥစ္စာလိုချင်လို့ အိမ်ကိုဖောက်ရင် ပစ္စည်းပဲ ခိုးယူသွားကြလေ။ ဘာလို့ အပြစ်မရှိတဲ့ လူတစ်ယောက်ရဲ့အသက်ကို နှုတ်ယူသွားကြတာလဲ။ ဘာလို့ရက်စက်ကြတာလဲ။ ဘာလို့လုပ်ရက်ကြတာလဲ။ လူတွေက တော်တော်ရက်စက်ကြတာပဲ” ဝမ်းနည်းကြေကွဲစွာဖြင့် သေဆုံးအမျိုးသားငယ် အသုံးပြုသည့် Kai Zo လူမှုကွန်ရက်အကောင့်ကို Tag တွဲ ရေးသားထားသည်။
ကနဦးသတင်းများအရ ကျူးလွန်သူများအနက် သံသယတရားခံကို ဖမ်းဆီးထားပြီးဖြစ်ကြောင်း ကနဦးသိရသလို အသေးစိတ်အခြေအနေကို ဆက်လက် စုံစမ်းဖော်ပြပေးမည်ဖြစ်သည်။
