သက်တံ့
၂၁. ၁၀. ၂၀၂၆
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗညားဒလလမ်းမပေါ်ရှိ ယုဇနပလာဇာ ကားပါကင်ဘက်ခြမ်းမှ ယမန်နေ့ ညနေပိုင်းအချိန် အမျိုးသားငယ်တစ်ဦးပြုတ်ကျ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယမန်နေ့ ညနေ ၅ နာရီခန့်အချိန်က ယုဇနပလာဇာ ကားပါကင်ဘက်ခြမ်း လေးလွှာမှ အသက် ၂၀ ဝန်းကျင် အမျိုးသားငယ်တစ်ဦး ပြုတ်ကျလာခဲ့ခြင်းဖြစ်ပြီး အဆိုပါအမျိုးသားမှာ ပြုတ်ကျသည့်နေရာတွင်ပင် ခဏတာ အကြောဆွဲကာ ငြိမ်သက်သွားသည်ဟု မျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

“ပလာဇာလုပ်တဲ့သူလို့လည်း သိရတယ်။ ဘယ်လိုဖြစ်သွားတယ်ဆိုတာ ဘယ်သူမှမသိလိုက်ဘဲ ဖုန်းခနဲအသံအကျယ်ကြီးပဲ ကြားလိုက်ရပြီး သူက ကားပါကင်ထိပ်နားလောက်ကျလာတာ။ ကျွန်တော်တွေ့တုန်းကတော့ လှုပ်နေသေးတယ်။ ပြီးတော့ ငြိမ်သွားတယ်။ ခဏနေတော့ လူနာတင်ကားရောက်လာပြီး ခေါ်သွားတာ”ဟု မျက်မြင်တွေ့ခဲ့သူတစ်ဦးက ဆိုသည်။
ယုဇနပလာဇာသည် စည်ကားကျယ်ဝန်းသော စျေးတစ်ခုဖြစ်ပြီး လုပ်သားများပြားသလို အဆိုပါလုပ်သားအချို့က ကားပါကင်ဘောင်ပေါ် ထိုင်လေ့ရှိကြောင်း၊ ယခုဖြစ်စဥ်တွင်မူ ဆွေမျိုးတော်စပ်သူတစ်ဦး၏ လူမှုကွန်ရက်ပေါ်မှတ်ချက်ပြုမှုအရ ပြုတ်ကျအမျိုးသားငယ်မှာ သေဆုံးသွားပြီဖြစ်ကြောင်းနှင့် အဆိုပါဖြစ်စဥ်မှာ မတော်တဆဖြစ်ပွားသော ဓမ္မတာအတိုင်းဖြစ်ပွားမှု ဟုတ်မဟုတ်ကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
