





၂၁.၁၀.၂၀၂၆
Written by Linn Eain
သောက်ရေသန့်များကို ဓာတ်ခွဲစစ်ဆေးချက်အရ သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသည့် ရေသန့်များကို စျေးကွက်မှ ပြန်လည်သိမ်းဆည်း၊ ဖျက်ဆီးခြင်း၊ လုပ်ငန်းထောက်ခံချက် ယာယီဆိုင်းငံ့ခြင်းနှင့် ရုပ်သိမ်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးဗိုလ်ဌေးက အောက်တိုဘာ ၂၁ ရက်၊ မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ပုံမှန်အစည်းအဝေးတွင် မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် အမှတ်(၂) ဦးဝေယံပိုင်၏ သောက်ရေသန့်များနှင့်ပတ်သက်သည့်ကြယ်ပွင့်ပြမေးခွန်းကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် လိုင်စင်မဲ့ထုတ်လုပ်ရောင်းချနေသော ရေသန့်လုပ်ငန်းများနှင့်ပတ်သက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ရရှိထားခြင်းမရှိဘဲ မည်သူတစ်ဦးတစ်ယောက်မှ ဈေးကွက်အတွင်း ထုတ်လုပ်ဖြန့်ပြူးရောင်းချခွင့်မရှိကြောင်းလည်း ဝန်ကြီးက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးဗိုလ်ဌေးက “အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်ရရှိထားပြီး သောက်ရေသန့် လုပ်ငန်းများအနေဖြင့် ထောက်ခံချက်ရရှိပြီးနောက် လုပ်ငန်း၏ ဘေးအန္တရာယ်ဖြစ်နိုင်ခြေအဆင့် Risk Status High ၊ Medium၊ Low အရ သောက်ရေသန့်နမူနာများအား သတ်မှတ် အကြိမ်အရေတွက်ဖြင့် ဓာတ်ခွဲနမူနာပေးပို့စစ်ဆေးရပြီး ပထမအကြိမ် ဓာတ်ခွဲစစ်ဆေးချက်အရ ဓာတ်ခွဲသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့် ရေသန့်များအား ဈေးကွက်မှ ပြန်လည်သိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်းတို့ ဆောင်ရွက်ပါကြောင်း၊ Market Recalling ဆောင်ရွက်ချက်များအား အထောက်အထားဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲထံသို့ ပြန်လည်တင်ပြရပါကြောင်း ” ပြောကြားခဲ့သည်။
ထို့ပြင် ဒုတိယအကြိမ် ရေနမူနာအား ထပ်မံပေးပို့စစ်ဆေးပြီး ဒုတိယအကြိမ်ဓာတ်ခွဲစစ်ဆေးချက်အရ ဓာတ်ခွဲသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့်လုပ်ငန်းအား ထောက်ခံချက်ယာယီဆိုင်းငံ့ခြင်း၊ Market Recall အထောက်အထားတင်ပြစေခြင်းနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံးချုပ်မှ ညွှန်ကြားသည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က ထပ်မံကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး သတ်မှတ်ချက်နှင့် မကိုက်ညီသေးသည့် လုပ်ငန်းများအား ထောက်ခံချက်ပြန်လည်ရုပ်သိမ်းခြင်းများဖြင့် ထိန်းချုပ်ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီး ဝန်ကြီးက တင်ပြခဲ့သည်။
ဆက်လက်၍ လိုင်စင်မဲ့ထုတ်လုပ်ရောင်းချနေသော ရေသန့်လုပ်ငန်းများ နှင့်ပတ်သက်၍ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့၏ ၂၀၂၀ ခုနှစ်၊ မတ် ၄ ရက် အမိန့်သတ်မှတ်ချက်အရ ထိန်းချုပ်အစားအသောက်ဖြစ်သည့်အမှတ်တံဆိပ်ပါ ဘူးသွင်းသောက်ရေသန့်ဖြစ်စေ၊ အမှတ်တံဆိပ်ပါ စားသုံးပစ္စည်းဖြစ်စေ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်လျှောက်ထားပြီးမှသာ သက်ဆိုင်ရာအစိုးရရုံး (သို့မဟုတ်) ဌာနအဖွဲ့အစည်းသို့ လိုင်စင်လျှောက်ထားရန် အမိန့်ထုတ်ပြန်ထားပြီးဖြစ်သောကြောင့် မည်သူတစ်ဦးတစ်ယောက်မှ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် ရရှိထားခြင်းမရှိဘဲ ဈေးကွက်အတွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချခွင့်မရှိကြောင်း တိုင်းဒေသကြီး ဝန်ကြီးက ပြောကြားခဲ့သည်။
လစဉ်ဈေးကွက်နမူနာကောက်ယူစစ်ဆေးခြင်း ဆောင်ရွက်ချက်များအရ ဈေးကွက်အတွင်းရောင်းချနေသော သောက်ရေသန့်နမူနာများအား ဝယ်ယူစစ်ဆေးလျက် သတ်မှတ်ချက်နှင့်ကိုက်ညီမှု ရှိမရှိအား စစ်ဆေးဆောင်ရွက်လျက်ရှိပြီး စီမံချက်များအရ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း (သို့မဟုတ်) တိုင်ကြားချက်အရ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ဆေးရာတွင် အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်မရှိသည့် သောက်ရေသန့်များတွေ့ရှိပါက စက်ရုံအား သောက်ရေသန့်ထုတ်လုပ်မှုကိုရပ်ဆိုင်းစေခြင်း၊ လုပ်ငန်းအား ခံဝန်ကတိရေးထိုးစေခြင်းနှင့် ထောက်ခံချက်လျှောက်ထားစေခြင်းများဖြင့် ထိန်းချုပ်ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီး ဝန်ကြီး ဦးဗိုလ်ဌေးက ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် သောက်ရေသန့်လုပ်ငန်းများအား စက်ရုံကွင်းဆင်းစစ်ဆေးရာတွင် စက်ရုံ၏ထုတ်လုပ်မှုအဆင့်ဆင့် ဝန်ထမ်းများ၏ Practice မှန်ကန်မှုရှိမရှိ၊ ကောင်းမွန်သောထုတ်လုပ်သူကျင့်စဉ် သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိမရှိ စစ်ဆေးခြင်းဖြစ်ကြောင်း၊ ရေသန့်များတွင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေသော ဓာတုပစ္စည်းများနှင့် ဘက်တီးရီးယားများပါဝင်မှုရှိမရှိကို သက်ဆိုင်ရာဓာတ်ခွဲခန်းများဖြင့် ဓာတ်ခွဲစစ်ဆေးခြင်းဖြင့်သာ သိရှိနိုင်မည်ဖြစ်ကြောင်းနှင့် အဆိုပါဓာတ်ခွဲစစ်ဆေးမှုအား ဘေးအန္တရာယ်ဖြစ်နိုင်ခြေ အဆင့်လိုက်ထောက်ခံချက် သုံးနှစ်ကာလအတွင်းမှာ High Risk ဖြစ်ပါက လေးကြိမ်၊ Medium Risk ဖြစ်ပါက သုံးကြိမ်၊ Low Risk ဖြစ်ပါက နှစ်ကြိမ်စ အစရှိသဖြင့် နမူနာကောက်ယူစစ်ဆေးခြင်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းအတွင်းရှိ သောက်ရေသန့်ထုတ်လုပ်သည့်စက်ရုံလုပ်ငန်းများကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (ရန်ကုန်)၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်
ခရိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် နှစ်စဉ်လတိုင်း သောက်ရေသန့်၊ အစာအသောက်နမူနာများ ရယူ၍ ဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်းများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီး ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
