သတိုး
၂၁. ၁၀. ၂၀၂၆
မြန်မာ့ရိုးရာအနုပညာအမွေအနှစ်များကို မူလအနှစ်သာရ မပျောက်ပျက်စေဘဲ ထိန်းသိမ်းမြှင့်တင်ရန်၊ ခေတ်မီနည်းပညာများ အသုံးချ၍ အနုပညာအရည်အသွေး မြှင့်တင်ရန်နှင့် မျိုးဆက်သစ်အနုပညာရှင်များ ပေါ်ထွန်းလာရေး ပူးပေါင်းဆောင်ရွက်ကြရန် ယနေ့ကျင်းပသည့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က တိုက်တွန်းပြောကြားခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီးဒေါက်တာခိုင်ခိုင်စိုးထံမှ သိရသည်။
ထို့အတူ နိုင်ငံတော်သမ္မတက မြန်မာ့ရိုးရာအဆို၊ အက၊ အရေး၊ အတီး အနုပညာများသည် ပျူခေတ်၊ ပုဂံခေတ်မှ ကုန်းဘောင်ခေတ် တိုင်အောင် ခေတ်အဆက်ဆက် ဖွံ့ဖြိုးတိုးတက်လာခဲ့သည့် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်ကြောင်း၊ ယင်းအမွေအနှစ်များကို မျိုးဆက်သစ်များထံ စနစ်တကျ လက်ဆင့်ကမ်းပေးရန် လိုအပ်ကြောင်းနှင့် မျိုးချစ်စိတ်ဓာတ်နှင့် ဇာတိသွေးဇာတိမာန် ထက်မြက်မြင့်မားရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များနှင့် အမျိုးသားရေးစရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းတစ်ပါးယဉ်ကျေးမှု လွှမ်းမိုးမှုမှ ကာကွယ်တားဆီးရေးတို့ကိုလည်း အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း လမ်းညွှန်ပြောကြားခဲ့သည်ဟု သိရသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ၁၉၉၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၁၆ ခုနှစ်အထိ ၂၂ ကြိမ် ကျင်းပနိုင်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ် အထိ ရပ်နားခဲ့ရပြီး ၂၀၂၂ ခုနှစ်တွင်မှသာ ပြန်လည်ကျင်းပခဲ့ရာ ယခု ၂၀၂၆ ခုနှစ်တွင် (၂၇) ကြိမ်မြောက်အထိ ရောက်ရှိလာပြီဖြစ်သည်။ ပြိုင်ပွဲများသည် ဆုရရှိရေးအတွက်သာမက အရည်အချင်းရှိသည့် အနုပညာရှင်များကို ဖော်ထုတ် မြှင့်တင်ရန်၊ အတွေ့အကြုံများ ဖလှယ်ရန်၊ အနုပညာ ပညာရပ်ဆိုင်ရာ အရည်အသွေး မြှင့်တင်ရန်နှင့် မျိုးဆက်သစ်များထံ ရိုးရာအနုပညာအမွေအနှစ်များ လက်ဆင့်ကမ်းပေးရန် အရေးပါကြောင်းလည်း နိုင်ငံတော်သမ္မတက ရှင်းလင်းပြောကြားခဲ့သည်။
■ အနုပညာကဏ္ဍလေးရပ် အရည်အသွေးမြှင့်တင်ရေး
မြန်မာ့ရိုးရာအနုပညာကဏ္ဍလေးရပ်နှင့်ပတ်သက်၍ –
၁။ အဆိုအနုပညာ – ရိုးရာတေးသီချင်းများ၏ မူလအနှစ်သာရကို ထိန်းသိမ်းရင်း သီဆိုမှုအရည်အသွေးနှင့် ဖန်တီးနိုင်စွမ်းကို မြှင့်တင်ရန်။
၂။ အကအနုပညာ – ရိုးရာအကဟန်၊ လက်ဟန်ခြေဟန်နှင့် စည်းချက်များကို စနစ်တကျ သင်ယူထိန်းသိမ်းပြီး မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းရန်။
၃။ အရေးအနုပညာ – စာပေ၊ ကဗျာနှင့် ဇာတ်ညွှန်းများမှတစ်ဆင့် ယဉ်ကျေးမှုတန်ဖိုးများကို ထိန်းသိမ်းဖော်ထုတ်ရန်။
၄။ အတီးအနုပညာ – ရိုးရာတူရိယာများ၏ တီးခတ်နည်းစနစ်နှင့် ဂီတသံစဉ်များကို ထိန်းသိမ်းမြှင့်တင်ရန်။
တို့ကို အလေးထားဆောင်ရွက်ကြရန်လည်း နိုင်ငံတော်သမ္မတ တိုက်တွန်းခဲ့ကြောင်း သိရသည်။
အလားတူ ပြိုင်ပွဲမှ ပေါ်ထွက်လာသည့် အရည်အချင်းရှိသော အနုပညာရှင်များကို ဆက်လက်လေ့ကျင့် သင်ကြားပေးရန်၊ သင့်လျော်သည့် အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် ပညာရှင်ကြီးများ၏ အတွေ့အကြုံများကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းရန် လိုအပ်ကြောင်းနှင့် စာတွေ့လက်တွေ့ ပေါင်းစပ်လေ့ကျင့်ရေး၊ ပညာရှင်များနှင့် မျိုးဆက်သစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး၊ အနုပညာမှတ်တမ်းများ ထိန်းသိမ်းရေးနှင့် ရိုးရာအနှစ်သာရကို ထိန်းသိမ်းရင်း ခေတ်နှင့်လျော်ညီသည့် အနုပညာလက်ရာများ ဖန်တီးရေးတို့ကိုလည်း လမ်းညွှန်တိုက်တွန်းခဲ့ကြောင်း သိရသည်။
■ ခေတ်မီနည်းပညာအသုံးချ၍ မြန်မာ့အနုပညာကို နိုင်ငံတကာသို့ မိတ်ဆက်ရေး
ယနေ့ကာလတွင် နည်းပညာတိုးတက်လာမှုကို အသုံးချ၍ မြန်မာ့ရိုးရာအနုပညာများကို စနစ်တကျ မှတ်တမ်းတင်၊ ဖြန့်ဝေပြီး လူငယ်များ ပိုမိုစိတ်ဝင်စားလာစေရန်နှင့် နိုင်ငံတကာပရိသတ်များထံ မိတ်ဆက်နိုင်ရေး ဆောင်ရွက်ကြရန်၊ ခေတ်မီဖန်တီးမှုများတွင်လည်း ရိုးရာအနုပညာ၏ မူလအနှစ်သာရနှင့် တန်ဖိုးများ မပျောက်ပျက်စေရေး အလေးထားကြရန် မှာကြားခဲ့သလို ပြိုင်ပွဲဝင်များအနေဖြင့် ဆုရရှိရေးတစ်ခုတည်းကို အဓိကမထားဘဲ အနုပညာအရည်အသွေး တိုးတက်ရေး၊ အတွေ့အကြုံဖလှယ်ရေးနှင့် အချင်းချင်းလေးစားမှုရှိရေးကို အလေးထားကြရန်၊ အကဲဖြတ်ဒိုင်များအနေဖြင့်လည်း သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ မျှတပွင့်လင်းစွာ အကဲဖြတ်ပြီး ပညာရပ်ဆိုင်ရာ အကြံပြုလမ်းညွှန်မှုများ ပေးကြရန် တိုက်တွန်းခဲ့သည်။
အထက်ပါ မှာကြားမှုများအပြင် မြန်မာ့ရိုးရာအနုပညာအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးသည် ယနေ့မျိုးဆက်၏ တာဝန်ဖြစ်သကဲ့သို့ အနာဂတ်မျိုးဆက်များထံ အရည်အသွေးပြည့်ဝစွာ လက်ဆင့်ကမ်းပေးရေးသည်လည်း အားလုံးပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်ဖြစ်ကြောင်း၊ အနုပညာပညာရှင်များ၊ လူငယ်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ မြန်မာ့ရိုးရာအနုပညာ ရေရှည်တည်တံ့ဖွံ့ဖြိုးရေး ကြိုးပမ်းကြရန်လည်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
