


၂၁.၁၀.၂၀၂၆
Written by Linn Eain
ကျူးကျော်များကို ဖယ်ရှားရှင်းလင်းရာတွင် အုပ်ချုပ်မှုဆိုင်ရာပြဿနာများ မဖြစ်ပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ စသည့် ပူးပေါင်းအဖွဲ့များဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဖယ်ရှားရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က အောက်တိုဘာ ၂၁ ရက်၊ မွန်းလွဲ ၁ နာရီတွင် ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
သုံးခွမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးလှဌေး၏ ” ကျူးကျော်ဝင်ရောက်နေထိုင်သူများကို ဖယ်ရှားရှင်းလင်းရာမှာ ဥပဒေနှင့်အညီ မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို သိရှိလိုခြင်းနှင့် ပတ်သက်သည့် ကြယ်ပွင့်ပြမေးခွန်း” ကို လုံ/နယ်ဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ” ဌာနဆိုင်ရာမြေများပေါ်တွင် ခွင့်ပြုချက် မရှိဘဲ ကျူးကျော်နေထိုင်သူများအား ဥပဒေ အကြံပြုချက်နှင့်အညီ (၁၉၅၅) ခုနှစ် အစိုးရအိမ်ဥပစာနှင်ထုတ်ခြင်းအက်ဥပဒေအရ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ ရှင်းလင်းဖယ်ရှားခြင်းမပြုမီ ခေါ်ယူတွေ့ဆုံညှိနှိုင်းခြင်း၊ နို့တစ်စာ သုံးကြိမ်ထုတ်ပြန်ခြင်း၊ နို့တစ်စာ ထုတ်ပြန်သော်လည်း သတ်မှတ်ကာလအတွင်း ဖယ်ရှားခြင်းမရှိပါက ကျူးကျော်ရှင်းလင်းရေးစီမံချက်ရေးဆွဲ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြ လမ်းညွှန်မှုခံယူပြီး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါတယ်။ ထိုသို့ ဆောင်ရွက်ရာမှာ မလိုလားအပ်သည့် အုပ်ချုပ်မှုဆိုင်ရာပြဿနာများ မဖြစ်ပွားစေရေး ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ စသည့် ပူးပေါင်းအဖွဲ့များဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖယ်ရှားရှင်းလင်းဆောင်ရွက်လျက်ရှိပါတယ် ” ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ ပုဂ္ဂလိကပိုင်မြေများပေါ်တွင် ကျူးကျော်နေထိုင်မှုများနှင့် ပတ်သက်၍ မြေပိုင်ရှင်မှ ပိုင်ဆိုင်မှု ထောက်ထားများဖြင့် သက်ဆိုင်ရာတရားရုံးသို့ တင်ပြပြီး ဥပဒေနှင့်အညီ တရားရုံး၏ ဆုံးဖြတ်ချက် ခံယူ၍ ဖယ်ရှားရှင်းလင်းဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း လုံ/နယ်ဝန်ကြီးက ပြောကြားခဲ့သည်။
ထို့ပြင် ပြည်ထောင်စုမြန်မာနိုင်ငံတော် (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၇) ပုဒ်တွင် နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်၊ မြေအောက် ရေပေါ်၊ ရေအောက်နှင့် ရေထုအတွင်းရှိ သယံဇာတပစ္စည်းများအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်ဟု ပြဌာန်းထားရှိပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များအရ နိုင်ငံတော်ရှိမြေအားလုံးကို နိုင်ငံတော်က ပိုင်ဆိုင်ကြောင်း၊ အဆိုပါ မြေအားလုံးအတွက် အသုံးချမှုဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံတော်၏ကိုယ်စား အစိုးရက စီမံခန့်ခွဲရပြီး ပြဌာန်းထားသော ဥပဒေများနှင့်အညီ ဝန်ကြီးဌာနများနှင့် စည်ပင်သာယာရေး ကော်မတီများသို့ လုပ်ပိုင်ခွင့်အာဏာများ အပ်နှင်းထားရှိကြောင်း လုံ/နယ်ဝန်ကြီးက တိုင်းဒေသကြီးလွှတ်တော် ပြောကြားခဲ့သည်။
အဆိုပါ အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေ၊ လယ်ယာမြေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း၊ စားကျက်မြေစသည့်မြေများပေါ်တွင် တရားမဝင် ကျူးကျော်နေထိုင်မှုများအား မြေအမျိုးအစားလိုက် စီမံခန့်ခွဲသော သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများက ကျင့်သုံးသည့် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖယ်ရှားရှင်းလင်းခြင်း၊ အရေးယူခြင်းများကို ဆောင်ရွက်ရပြီး ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း လုံ/နယ်ဝန်ကြီး၏ ပြောကြားချက်များအရ သိရသည်။
