၂၁.၁၀.၂၀၂၆.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုရဲ့ အာဏာရရှိလာခဲ့တဲ့ အစိုးရအဆက်ဆက်မှာ အရှေ့တောင်အာရှဒေသမှ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများပြုလုပ်ပြီး နှစ်ပေါင်းများစွာ သီးခြားခွဲထုတ်ဆက်ဆံမှုပြုလာခဲ့တဲ့ အမေရိကန်အစိုးရရဲ့ ရေရှည်မူဝါဒက အခုအခါမှာတော့ စတင်ပြောင်းလဲနေပြီလား ဆိုတာလေ့လာသူတွေက ဒေသအတွင်း ထူးထူးခြားခြားပြောင်းလဲမှုတစ်ရပ်အနေနဲ့ သုံးသပ်လာနေကြပါတယ်။
စက်တင်ဘာလက ထရမ့်ပ်အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာတွေ့ဆုံခဲ့တာ၊ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုစာရင်းမှ မြန်မာစီးပွားရေးလုပ်ငန်းရှင် အချို့ကို ဖယ်ရှားပေးလိုက်တာ၊ နှစ်နိုင်ငံအစိုးရ ကိုယ်စားလှယ်တွေက ဂျပန်နိုင်ငံမှာ လျှို့ဝှက်ဆွေးနွေး ပွဲတွေ နှစ်ကြိမ်တိုင်ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတာတွေက အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် မူဝါဒပြောင်းလဲသွားပြီဖြစ်တာ ညွှန်ပြနေတဲ့ လတ်တလော အခြေအနေဖြစ်ရပ်တွေပါ။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်မှာ တပ်မတော်က နိုင်ငံတော်အာဏာ ထိန်းသိမ်းခဲ့ပြီးနောက်မှာ အမေရိကန်ပြည်ထောင်စုဟာ တပ်မတော်အစိုးရနဲ့ တရားဝင် ဆက်ဆံမှု အလွန်နည်းပါးခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရရဲ့ မူဝါဒ ပြောင်းလဲလာမယ့် အရိပ်အယောင်တွေကို ၂၀၂၅ ခုနှစ် ဇူလိုင်လလောက်ကတည်းက တွေ့မြင်ခဲ့ရတာပါ။
ထိုအချိန်က သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်ရဲ့ ကမ္ဘာ့နိုင်ငံတွေအပေါ် ကုန်သွယ်စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှုက အရှိန်အမြင့်ဆုံး ရောက်ရှိနေချိန် ဖြစ်ပါတယ်။
အဲဒီအချိန်မှာ မြန်မာခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ ဒေသတွင်းမှ အခြားခေါင်းဆောင်တွေနဲ့အတူ အမေရိကန်သမ္မတထံမှ ပုဂ္ဂိုလ်ရေးပေးစာတစ်စောင်ကိုလက်ခံရရှိခဲ့ပါတယ်။ စာထဲမှာ ၂၀၂၁ ခုနှစ်မှစ၍ ဖြစ်ပွားနေတဲ့ ပြည်တွင်းကစစ်ပွဲတွေကြောင့် စီးပွားရေးအရ ထိခိုက်နေတဲ့ မြန်မာနိုင်ငံက အမေရိကန်သို့ တင်ပို့ ကုန်တွေအပေါ် ကုန်သွယ်စည်းကြပ်ခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံတော့မယ်လို့ အသိပေးထားတာပါ။
အရင်က မိတ်ဆွေနဲ့ မဟာမိတ်နိုင်ငံလို့ သတ်မှတ်ထားခဲ့တဲ့ အမေရိကန်နိုင်ငံက သူတို့ရဲ့ အရေးပါတဲ့ ကုန်သွယ်မှုပို့ကုန်တွေအပေါ် ပြင်းထန်တဲ့ အခွန်အခတွေ ကောက်ခံဖို့ စီစဉ်လိုက်တဲ့အခါ တခြားနိုင်ငံအ တော်များများကတော့ အံ့အားသင့်တုန်လှုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် မြန်မာခေါင်းဆောင်အဖို့တော့ နှစ် သိမ့်ကျေနပ်ဖွယ်တောင် ဖြစ်ရပါသေးတယ်။
သူက ချက်ချင်းပဲပြန်လည်တုံ့ပြန်ခဲ့ပြီး”ကမ္ဘာ့နံပါတ်တစ် ဈေးကွက်ဖြစ်သည့် အမေရိကန်ပြည်ထောင်စုရဲ့ ထူးခြားကောင်းမွန်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဆက်လက်ပါဝင်ခွင့်ရဖို့ ဤကဲ့သို့ အားတက်ဖွယ် ဖိတ်ခေါ်မှုအတွက် မိမိအနေဖြင့် ရိုးသားစွာ ကျေးဇူးတင်ရှိပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။ ဒီနေရာမှာ ဦးမင်းအောင်လှိုင်က ထရမ့်ပ်ရဲ့ ချဲ့ကားပြောဆိုတတ်တဲ့ ပုံစံနဲ့ စာလုံးအကြီးအသေး အသုံးပြုပုံ ထူးခြားဆန်းပြား ရေးသားဟန်ကို အတုယူ အသုံးပြုခဲ့တာတွေ့ရမှာပါ။
“နိုင်ငံချစ်စိတ်အပြည့်ဖြင့် မိမိနိုင်ငံကို အမျိုးသားရေး ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဦးဆောင်လမ်းပြပေးနေသည့် သမ္မတကြီး ဒေါ်နယ်ဒ် ထရမ့်ပ်၏ ခိုင်မာသော ခေါင်းဆောင်မှုကို အလွန်လေးစားတန်ဖိုးထားကြောင်း ဖော်ပြလိုပါသည်” လို့လည်း မြန်မာခေါင်းဆောင်က ဆိုခဲ့ပါတယ်။
ဒီနေရာမှာ အမေရိကန်သမ္မတရဲ့စာထဲမှာလည်း မြန်မာခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို အခြားသော သမ္မတ ဒါမှမဟုတ် ဝန်ကြီးချုပ်တစ်ဦးကို ခေါ်ဝေါ်သလိုပဲ “ဂုဏ်သရေရှိပုဂ္ဂိုလ်” (Your Excellency) လို့ ခေါ်ဝေါ်ပြောဆိုထားပါတယ်။ ထရမ့်ပ်ရဲ့ စာထဲမှာ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ တပ်မတော်အစိုးရအပေါ် တစ်စုံတစ်ရာ အပြစ်ပြော ဖော်ပြထားတာလည်း မရှိခဲ့ပါဘူး။
ထိုလမှာပဲ မြန်မာအစိုးရဟာ DCI အမည်ရှိ ဝါရှင်တန်အခြေစိုက် လော်ဘီလုပ်ငန်း (Lobbying firm) တစ်ခုနဲ့ ဒေါ်လာ ၃ သန်း (ပေါင် ၂ ဒသမ ၃ သန်း) တန်ဖိုးရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပါတယ်။ DCI ဟာ ၂၀၀၂ ခုနှစ် မြန်မာစစ်အစိုးရဟောင်းက သူတို့ရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့ အသုံးပြုခဲ့ဖူးတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်မှာတော့ သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်ရဲ့ အမေရိကန်အစိုးရနဲ့ ၂၀၂၆ ရွေးကောက်ပွဲက နေတင်မြှောက်ခံလိုက်ရတဲ့ သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာအစိုးရအကြား ထိတွေ့ဆက်ဆံမှုတွေကို ထူးထူးခြားခြားတွေ့လာရတာပါ။
စက်တင်ဘာလ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲမှာဆိုရင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထောက်လှမ်းရေးနှင့် သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ဗန့်စ် ပါဝင်ခဲ့ပါတယ်။ တွေ့ဆုံပွဲရဲ့ အဓိကရည်ရွယ်ချက်မှာ ဇွန်လက ဒေသတွင်း အမေရိကန် ကုန်သည်ကြီးများအသင်းနဲ့ အငြင်းပွားမှုတစ်ခုအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို ပြန်လည်လွတ်မြောက်လာစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
သမ္မတ ဦးမင်းအောင်လှိုင် လက်ထက်မှာ သူနဲ့တွေ့ဆုံတဲ့ အမေရိကန်အရာရှိတွေအနက် မိုက်ကယ် ဗန့်စ်က အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်ပြီး၊ သူတို့နှစ်ဦးကြား အခြားသော နှစ်ဦးနှစ်ဖက် အကျိုးစီးပွားဆိုင်ရာကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြဖွယ်ရှိပါတယ်။ ဒါ့ပြင်မိုက်ကယ် ဗန့်စ်ဟာ ဇွန်လက တိုကျိုမြို့မှာ မြန်မာအစိုးရအရာရှိတွေနဲ့ တွေ့ဆုံခဲ့သလို၊ အောက်တိုဘာလမှာလည်း တိုကျိုမြို့၌ပင် ထပ်မံတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာနှင့် ဇန်နဝါရီလများက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲများကျင်းပခဲ့စဥ်ကလည်း အမေရိကန် အစိုးရအနေနဲ့ တခြားအနောက်နိုင်ငံတွေလို ဝေဖန်ပြောကြားမှုတွေ မရှိခဲ့ပါဘူး။ ဆယ်စုနှစ်များစွာကြာ အမေရိကန်ပြည်ထောင်စုဟာ တခြားနိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့ အမြဲတမ်းလိုလို ဝေဖန်သုံးသပ်ချက်များ ပေးလေ့ရှိခဲ့သော်လည်း ဒီတစ်ကြိမ်မှာတော့ ဘယ်လိုမှတ်ချက်မျှ မပေးခဲ့တာလည်း တွေ့ရပြန်ပါသေးတယ်။
ဒါ့အပြင် ဂျိုးဘိုင်ဒန်အစိုးရလက်ထက်မှာ ပစ်မှတ်ထား အရေးယူခံထားရသူအချို့အပေါ် ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပေးဖို့ ထရမ့်ပ်အစိုးရက ဆုံးဖြတ်လိုက်တာက အမေရိကန်-မြန်မာ ဆက်ဆံရေးမူဝါဒတွင် ဦးတည်ချက်အသစ်တစ်ခု ရှိလာပြီဆိုတာ ပိုမိုခိုင်မာစေခဲ့ပါတယ်။
နှစ်ပေါင်းများစွာကြာ အမေရိကန်ရဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာမှ သီးခြားခွဲထုတ်ထားပြီး အထီးကျန်စေဖို့၊ ပိတ်ဆို့အရေးယူမှု၊ ဆက်ဆံရေးအလှမ်းဝေးမှုတို့နဲ့သာ ချဉ်းကပ်မှုပုံစံကာလက ကုန်ဆုံးသွားပြီလို့တောင်ဆိုနိုင်ပါတယ်။ အမေရိကန်-မြန်မာ ဆက်ဆံရေးက လက်ရှိကာလမှာတော့ အနှစ်သာရပိုင်းမှာ ကြီးကြီးမားမား ပြောင်းလဲသွားခြင်း မရှိသေးပေမယ့် သမ္မတထရမ့်ပ် အနေနဲ့ ကွဲပြားခြားနားတဲ့ နည်းလမ်းတစ်ခုကို စမ်းသပ်လုပ်ဆောင်ဖို့ သေချာသလောက်ရှိနေပြီမို့ ကုန်းဘောင်မင်းဆက်က စခဲ့တဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ဟာ နှစ်ဖက်အကျိုးစီးပွားတွေကို မျှော်မှန်းဆောင်ရွက်ကြရင် ပြန်လည်ရှင်သန်နိုင်မယ်လို့ သုံးသပ်မိပါတယ်။
Ref-BBC
