


၁၉.၁၀.၂၀၂၆
Written by NYL
လှည်းကူးမြို့နယ်ရှိ စားကျက်မြေ ဧက ၁၉၀၀ ကျော်အနက် ဧက ၁၆၀၀ ပေါ်တွင် တည်ရှိနေသည့် ကျေးရွာများအတွက် စားကျက်မြေကိုပယ်ဖျက်ပြီး ရွာမြေအဖြစ် ပြောင်းလဲသတ်မှတ်ပေးရန် အစီအစဉ်မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်က အောက်တိုဘာ ၁၉ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့တွင် လှည်းကူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးကျော်မင်းထွန်း၏ လှည်းကူးမြို့နယ်အတွင်း စားကျက်မြေအား တရားဝင်ပယ်ဖျက်ပေးပြီး ရွာမြေအဖြစ်သတ်မှတ်ပေးရေးနှင့် ပတ်သက်သည့်မေးခွန်းကို တိုင်းဒေသကြီး ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်က ” စားကျက်မြေအဖြစ်က ထုတ်နှုတ်ပယ်ဖျက်ခြင်းဟာ မြေသုံးချမှု မြေယာမူဝါဒနဲ့အညီ လိုက်နာဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့်မူဝါဒများနဲ့ အညီ လိုက်နာဆောင်ရွက်ရခြင်းတို့ကြောင့် ဒီစားကျက်မြေပေါ်မှာ ကျူးကျော်နေတဲ့ ကျေးရွာတွေအတွက် စားကျက်မြေကို ပယ်ဖျက်ပြီး ရွာမြေအဖြစ် ပြောင်းလဲသတ်မှတ်ပေးဖို့ အစီအစဉ်မရှိပါကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ဖြေကြားအပ်ပါတယ် ” ဟု ပြောကြားခဲ့သည်။
ထို့ပြင် လှည်းကူးမြို့နယ်တွင် ရပ်ကွက် ၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၂ အုပ်စုရှိပြီး အဆိုပါကျေးရွာအုပ်စုများအနက် ကျေးရွာ ၂၅ ရွာမှာ မူလစားကျက်မြေ ၂၂၅၆၅ ဧကကို အများပြည်သူအကျိုးငှာ နည်းလမ်းတစ်မျိုးမျိုးဖြင့် ပယ်ဖျက်ပြီးဖြစ်ကာ လက်ရှိ စားကျက်မြေ ၁၉၃၃ ဧကကျော်ရှိကြောင်း တိုင်းဒေသကြီးဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ စားကျက်မြေ ၁၉၃၃ ဧကသည် ကျေးရွာအုပ်စု ၁၉ စုတွင် ကျန်ရှိနေခြင်းဖြစ်ပြီးကာ စိုက်ပျိုးမြေ ၇၇၁ ဧကကျော်၊ မွေးမြူရေးမြေဧက ၁၁၄ ဧကကျော်၊ ဆယ်မြောင်းမြေ၊မြောင်းမြေ ချောင်းမြေ၊ ရိုးမြေများစုစုပေါင်း ၂၃ ဧက၊ အဆောက်အဦမြေအဖြစ် ၆၁၈ ဧက ကျော်၊ ခြံခတ်ထားသည့်မြေအဖြစ် ၃၄ ဧကကျော်၊ ရေကန်အဖြစ် ၁၁ ဧက၊ လမ်းမြေအဖြစ် ၂၄ ဧကကျော်၊ စုစုပေါင်းမြေဧရိယာ ၁၅၉၇ ဧကကို တရားမဝင်ကျူးကျော် အသုံးပြုထားကြောင်းအား စိစစ်တွေ့ရှိရကြောင်း၊ လက်ရှိ မြေပြင်တွင် ထိန်းသိမ်းထားရှိသည့် စားကျက်မြေမှာ ၃၃၆ ဧက ကျော်ရှိကြောင်း တိုင်းဒေသကြီး ဝန်ကြီး ဒေါက်တာထူးမောင်က ပြောကြားခဲ့သည်။
ထိုစားကျက်မြေနှင့် ပတ်သက်ပြီး ၁၈၇၉ ခုနှစ် အထက်မြန်မာနိုင်ငံမြေနှင့်အခွန် နည်းဥပဒေ ၇၅ မှ ၇၉ အထိ ပြဌာန်းထားကြောင်း၊ ၁၈၇၆ ခုနှစ် အောက်မြန်မာနိုင်ငံမြေနှင့် အခွန်အက်ဥပဒေ ပုဒ်မ ၂၀ အရလည်းကောင်း၊ ၁၈၉၈ ခုနှစ် အောက်မြန်မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေ ၆၆ မှ ၇၁ အထိလည်းကောင်း၊ ၁၈၇၆ ခုနှစ် မြေနှင့်အခွန်အမိန့် ဆင့်ဆိုချက် ၉၀ မှ ၁၀၈ အထိလည်းကောင်း၊ ကျွဲနွားတိရစ္ဆာန်များ အစာရေစာရရှိရန်နှင့် လွှတ်ကျောင်းခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် တမင်ရည်ရွယ်ပြီး စားကျက်မြေအဖြစ် သတ်မှတ်ပြဌာန်းထားခြင်းဖြစ်ကြောင်းနှင့် စားကျက်မြေဧရိယာများကို သိရှိနိုင်ရန် နယ်နိမိတ်တိုင်များ စိုက်ထူထားကြောင်း တိုင်းဒေသကြီး ဝန်ကြီး ဒေါက်တာထူးမောင်က ဆက်လက်ပြောကြားခဲ့သည်။
“ဒီစားကျက်မြေကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုမှုမရှိစေဖို့ ဒီတည်ထောင်ထားတဲ့ စားကျက်ဧရိယာကို သိရှိနိုင်ဖို့အတွက် လက်ရှိ နယ်နိမိတ်တိုင်တွေ စိုက်ထူမှတ်သားထိန်းသိမ်းထားရှိပါတယ်။ ဒီလိုကျူးကျော်မှုမရှိစေအောင် မရှိစေအောင်လည်း အသိပညာပေးတာ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေဆီက ကွင်းဆင်းစစ်ဆေးတာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီကနေပြီးတော့ ထိန်းသိမ်းပြီးတော့ ကျူးကျော်အသုံးပြုမှုမရှိစေဖို့ ကြီးကြပ်ခြင်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒီစားကျက်မြေ ကျူးကျော်အသုံးပြုမှုနဲ့ပတ်သက်ပြီးတော့ အထက်မြန်မာနိုင်ငံမြေနဲ့ အခွန်နည်းဥပဒေ ၇၈ ၊ အောက်မြန်မာနိုင်ငံမြေနဲ့ အခွန်နည်းဥပဒေ ၆၉ တို့အရ ကျူးကျော်သူတွေရှိရင်တော့ မြေပေါ်ကနေထွက်ခွာဖို့ ကျွန်တော်တို့က နို့တစ်စာများထုတ်ပြန်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ် ” ဟု တိုင်းဒေသကြီး ဝန်ကြီးက ပြောကြားခဲ့သည်။
ထို့နောက် လှည်းကူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးကျော်မင်းထွန်းက ဆက်စပ်မေးခွန်းအနေဖြင့် စားကျက်မြေမှ ဖယ်ရှားပေးရမည့် ပြည်သူများ ဒုက္ခများကြုံတွေ့နေရသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် မည်သို့ကူညီဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့် ဆက်လက်မေးမြန်းခဲ့သည်။
“လှည်းကူးမြို့နယ်ဟာ လူဦးရေတိုးပွားလာမှုကြောင့် မြို့နယ်အဆင့်မှ ခရိုင်အဆင့်ထိ ဖြစ်လာတာကိုလည်း တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ စားကျက်မြေ ဧကပေါင်း ၂၀၆၃၁ ဧကကျော်ကို စားကျက်မြေဘက်က ဖယ်ရှားပေးခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ ကျွန်တော်တို့အနေနဲ့ စားကျက်မြေပေါ် နေထိုင်သော ဧကပေါင်း ၁၅၉၇ ဧက ကျော်ကို စားကျက်မြေအဖြစ်မှ ပယ်ဖျက်ပေးရန်နှင့် ပြည်သူလူထု အခက်အခဲကြုံနေတဲ့အချိန်မှာ အခက်အခဲ၊ဒုက္ခသုခနဲ့ ကြုံတွေ့နေရတဲ့အချိန်မှာ ရန်ကုန်တိုင်းအစိုးရအနေနဲ့ မည်သို့ကူညီဆောင်ရွက်ပေးမည်ကို လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းအပ်ပါတယ်ခင်ဗျာ ” ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထွန်းက မေးမြန်းခဲ့သည်။
အဆိုပါ ဆက်စပ်မေးခွန်းကို တိုင်းဒေသကြီးဝန်ကြီး ဒေါက်တာ ထူးမောင်က ပြန်လည်ဖြေကြားရာတွင် ” လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောတာမှန်ပါတယ်ခင်ဗျ။ ကျွန်တော်တို့ လက်ရှိအားဖြင့်ကတော့ ထိန်းသိမ်းထားတာ စောစောက တင်ပြခဲ့သလို စားကျက်မြေက ၃၃၆ ဧက ကျော်သာလျှင် ရှိပါတယ်။ သူတို့ကျူးကျော်ထားတဲ့ ဧက ၁၅၉၇ ဧက ကျော်ဟာ ကျွန်တော်တို့ဥပဒေနဲ့ မညီတဲ့အတွက် မြေယာဥပဒေအရလည်းကောင်း၊ အထက်ပြည်ထောင်စုအဆင့်မူဝါဒအရလည်းကောင်း၊ ကျွန်တော်တို့ ဒါတွေနဲ့မကိုက်ညီတဲ့အတွက် လောလောဆယ်အားဖြင့် လက်ရှိနို့တစ်စာပေးပို့ပြီးတော့ သတိပေးထားခြင်းပဲ ဖြစ်ပါတယ်။ လူတစ်ဦးဟာ ဟိုလက်တစ်ဖက်ဝင် လက်တစ်ဖက်ဝင်ပြီးတော့ နောက်ဆုံးကိုယ်လုံး၊ ခေါင်းဝင်၊ ခေါင်းဝင်ပြီး ကိုယ်လုံးဝင်နဲ့ တစ်ကိုယ်လုံးဝင်ပြီးတော့ မြေယာကို တရားမဝင် ဒါလက်ရှိပိုင်ဆိုင်မှုအရ ကျူးကျော်မှုတွေ များလာမှာဖြစ်တဲ့အတွက် ကြိုတင်သတိပေးတားမြစ်ရခြင်းဖြစ်ပါကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့် ဖြေကြားအပ်ပါတယ်ခင်ဗျာ ” ဟု ပြောကြားခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်က စားကျက်မြေများသည် ပြည်ထောင်စုမှုဝါဒများနှင့်အညီ ဆောင်ရွက်ရခြင်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျန်ရှိနေသည့် စားကျက်မြေ ၃၃၆ ဒသမ ၂၅ ဧကနှင့်ပတ်သက်၍ ဝန်ကြီးအနေဖြင့် ဆက်စပ်ပြီး ကိုယ်စားလှယ်တင်ပြသည့် အများပြည်သူကျိုးအတွက် အဆိုပါတင်ပြထားသည့် ၃၃၆ ဒသမ ၂၅ ဧကနှင့် ပတ်သက်ပြီး မည်ကဲ့သို့ကုစား၍ ရမည်ဆိုသည့်အပေါ် ညှိနှိုင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
