၂၀.၁၀.၂၀၂၆
Written by Linn Eain
စားအုန်းဆီခွဲတမ်း တစ်အိမ်ထောင် ၃ ပိသာ မြေပြင်တွင် မရရှိဘဲ လက်သင့်ရာခန့်ထားသည့် စားအုန်းဆီကိုယ်စားလှယ်များ လုပ်ချင်သည့်ပုံစံလုပ်ပြီး ရောင်းချင်သည့်ပုံစံဖြင့် ရောင်းနေသဖြင့် ပြည်သူများအခက်အခဲရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ဆွေးနွေးပြောကြားခဲ့သည်။
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့ အောက်တိုဘာ ၂၀ ရက်၊ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ရာ သုံးခွမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးလှဌေးက ပြည်သူလူထုအား ဖြန့်ဝေသော စားအုန်းဆီရောင်းချမှုပုံစံနှင့် ပက်သက်၍ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းရာတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။


သုံးခွမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးလှဌေးက “လွှတ်တော်ဥက္ကဌကြီးခင်ဗျာ ဝန်ကြီးပြောသလို လူတစ်ယောက် သုံးပိဿာ မြေပြင်မှာ မရပါဘူး။ အဲဒီလိုမရတဲ့ ဧရိယာတွေ အများကြီး ဖြစ်ပါတယ်။ ကိုယ်စားလှယ်တွေကို ခန့်ထားကတည်းက လက်သင့်ရာ ကိုယ်စားလှယ်တွေကို ခန့်ထားပြီးတော့ အဲဒီကိုယ်စားလှယ်တွေက လုပ်ချင်တဲ့ ပုံစံလုပ်တယ်၊ ရောင်းချင်တဲ့ပုံစံနဲ့ ရောင်းနေတဲ့အတွက်ကြောင့် ပြည်သူတွေမှာ အခက်အခဲ အများကြီး ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဒီလို ကိုယ်စားလှယ်တွေ ခန့်ထားတည်းက လက်သင့်ရာခန့်ထားတဲ့ ကိုယ်စားလှယ်တွေ ရောင်းချင်တိုင်း ရောင်းနေတဲ့ ပုံစံ၊ လုပ်ချင်တိုင်း လုပ်နေတဲ့ ပုံစံတွေကို စီမံခန့်ခွဲမှုလမ်းမှားတွေကို ဆက်လက်ပြီး လက်ခံကျင့်သုံးသွားမယ်ဆိုရင်တော့ ကျင့်သုံးလက်ခံတဲ့သူတွေမှာ တာဝန်ရှိနေမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့ကြောင့် စားအုန်းဆီများနှင့် ပတ်သက်ပြီး ယခင် လက်သင့်ရာခန့်ခဲ့သည့် ကိုယ်စားလှယ်များ လုပ်ချင်သလိုလုပ်၊ ရောင်းချင်သလို ရောင်းနေသည့်ပုံစံများကို ဆက်လက် လက်ခံဆောင်ရွက်နေမည်လား၊ စီမံခန့်ခွဲမှုလမ်းမှားများကို ပြန်လည်သုံးသပ်၍ စာအုန်းဆီ ကိုယ်စားလှယ်များကို ပြန်လည်ရွေးချယ်ပြီး စနစ်တကျစီမံခန့်ခွဲမှုများနှင့် ပြည်သူလူထု အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးသွားမည့် အစီအစဉ်ရှိပါသလားဆိုသည်ကို ဆက်စပ်မေးမြန်းပါကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦးက ပြန်လည်ဖြေကြားရာတွင် “ကျွန်တော်တို့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အစိုးရအဖွဲ့ကို ဝန်ကြီးအပြောင်းအလဲလည်း လုပ်ပေးခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လက်တွေ့ကျကျ ဆောင်ရွက်လျက် ရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အမှုတွဲများလည်း တက်ရောက်လျက်ရှိပါတယ်။ ဒီနေ့မှာပဲ ဒီကိစ္စအတွက် အစည်းအဝေး ရှိပါတယ်။ အဲ့တော့ အစည်းအဝေးကနေ ပြန်ထွက်လာတဲ့ အခါကြလို့ရှိရင် ဖြစ်ပေါ်လာတဲ့ အခြေအနေအားလုံးကို နောင်အခါ ကျွန်တော် လွှတ်တော်မှာပဲ ဆက်လက် တင်ပြဆွေးနွေးသွားပါမယ်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူများ စားသုံးရန် ဖြန့်ခွဲရရှိသော စားသုံးဆီများအား ပြည်သူများထံသို့ ဖြန့်ဖြူးရောင်းချရာတွင် စားသုံးသူ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသည့် ဖြန့်ဖြူးပုံစံဖြစ်သော သက်ဆိုင်ရာမြို့နယ်အတွင်း ရောင်းချဖြန့်ဖြူးရမည့်ကုမ္ပဏီများမှ ရွေးချယ်ထားသော လက်ကား၊ လက်လီ ကိုယ်စားလှယ်များမှ တစ်ဆင့် ပြည်သူများထံသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦး၏ ဖြေကြားချက်အရ သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူများထံသို့ ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်နေရာ၊ သတ်မှတ်အရည်အသွေးနှင့် သတ်မှတ်ဈေးနှုန်းအတိုင်း မှန်ကန်စွာရောင်းချနိုင်ရေးအတွက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အဖွဲ့ခေါင်းဆောင်အဖြစ်ပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး စားသုံးဆီ ဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့၏ ကြီးကြပ်မှုအောက်တွင် ခရိုင်နှင့်မြို့နယ် စားသုံးဆီဖြန့်ဖြူးမှု ကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်းပြီး ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူများထံသို့ မှန်မှန်ကန်ကန် ရောက်ရှိစေရန်အတွက် စားအုန်းဆီ တင်သွင်းသည့်ကုမ္ပဏီများမှ မြို့နယ်အလိုက် ခန့်အပ်သည့် လက်ကား၊ လက်လီကိုယ်စားလှယ်များမှ တစ်ဆင့် အိမ်ထောင်စုလိုက် ဆီဝယ်စာအုပ်များ ပြုလုပ်ပေးပြီး အိမ်ထောင်စုတစ်စုလျှင် တစ်လလျှင် သုံးပိသာနှုန်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး နောင်တွင် လူတစ်ဦးလျှင် တစ်လလျှင် ၅၀ ကျပ်သားနှုန်းဖြင့် ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ဖြေကြားခဲ့သည်။
