◾ ရန်ကုန်ပြည်သူ့ဆေးရုံကြီး သန့်ရှင်းရေးအတွက် ကန်ထရိုက်စနစ်ဖြင့် ထပ်မံခန့်ထားနိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနသို့ တင်ပြတောင်းခံသွားမည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးပြောကြား






၂၀.၁၀.၂၀၂၆
Written by Linn Eain
ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဆေးရုံတက်ရောက်ကုသသည့် လူနာ တစ်နှစ်ထက် တစ်နှစ်ပိုမိုများပြားလာပြီး ၂၀၂၆ ခုနှစ်အတွင်း လူနာ ၅ သိန်းနီးပါး တက်ရောက်ကုသခဲ့ကြောင်း အောက်တိုဘာ ၂၀ ရက်တွင် ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ပုံမှန်အစည်းအဝေးမှ သိရသည်။
လမ်းမတော်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဒေါ်စောစောဦး၏ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဝန်ထမ်းအင်အား တိုးချဲ့ဖွဲ့စည်းပေးရေးနှင့် ပတ်သက်သည့် ကြယ်ပွင့်ပြမေးခွန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက ပြန်လည်ဖြေကြားခဲ့ရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ လူနာတက်ရောက်မှုအရေအတွက်နှင့် ဝန်ထမ်းအင်အားတို့ကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက “ကိန်းဂဏန်းများအရ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လာရောက်ကုသကြတဲ့ အတွင်းအပြင် လူနာများ တစ်နေ့နဲ့တစ်နေ့ ပိုမိုများပြားလာပြီးတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ဝန်ဆောင်မှုကို ဆောင်ရွက်မှုတွေကို ပိုပြီးတော့ ဆောင်ရွက်နိုင်တဲ့ အနေအထားကိုမူတည်ပြီးတော့ လူနာများ တောက်လျှောက်တိုးတက်လာပါကြောင်း ကိန်းဂဏန်းများအရ တင်ပြပါတယ် ” ဟု ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အနယ်နယ် အရပ်ရပ်မှ ဆေးရုံတက်ရောက်ကုသနေကြသည့် အတွင်းလူနာ၊ ပြင်ပလူနာနှင့် ခွဲစိတ်ကုသလူနာစာရင်းအရ ၂၀၂၁ ခုနှစ်တွင် ပြင်ပလူနာ – ၈၃၆၁၈၃ ဦး၊ အတွင်းလူနာ – ၁၇၁၃၃ ဦး၊ ခွဲစိတ်ကုသမှုလူနာ – ၃၂၁၄ ဦး၊ ၂၀၂၂ ခုနှစ်တွင် ပြင်ပလူနာ – ၂၁၀၆၂၀ ဦး၊ အတွင်းလူနာ – ၃၀၇၀၆ ဦး၊ ခွဲစိတ်ကုသမှုလူနာ – ၆၁၀၈ ဦး၊ ၂၀၂၃ ခုနှစ်တွင် ပြင်ပလူနာ -၂၇၉၄၆၀ ဦး၊ အတွင်းလူနာ – ၄၄၀၅၂ ဦး၊ ခွဲစိတ်ကုသမှုလူနာ – ၉၆၉၅ ဦး၊ ၂၀၂၄ ခုနှစ်တွင် ပြင်ပလူနာ – ၄၃၀၇၅၅) ဦး၊ အတွင်းလူနာ – ၅၃၃၅၄ ဦး၊ ခွဲစိတ်ကုသမှုလူနာ – ၁၄၃၂၂ ဦး၊ ၂၀၂၅ ခုနှစ်တွင် ပြင်ပလူနာ ၅၂၂၈၈၉ ဦး၊ အတွင်းလူနာ – ၆၂၁၆၅ ဦး၊ ခွဲစိတ်ကုသမှုလူနာ – ၁၆၈၃၅ ဦး၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာအထိ ပြင်ပလူနာ -၄၂၀၈၄၉ ဦး၊ အတွင်းလူနာ – ၆၀၁၀၂ ဦး၊ ခွဲစိတ်ကုသမှုလူနာ -၁၃၃၃၅ ဦးအထိ ရှိကြောင်းသိရသည်။
ထို့ပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး သန့်ရှင်းရေးအတွက် ကန်ထရိုက်စနစ်ဖြင့် ထပ်မံခန့်ထားနိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနသို့ တင်ပြတောင်းခံသွားမည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးဗိုလ်ဌေးက ပြောကြားခဲ့သည်။
” ရန်ကုန်ပြည်သူ့ဆေးရုံကြီး (၇) ထပ်ဆောင်ကဲ့သို့ သန့်ရှင်းရေးအတွက် ကန်ထရိုက်စနစ်ဖြင့် ငှားရမ်းသုံးစွဲနိုင်ရေးအတွက် ဒီထဲမှာ ကန်ထရိုက်သွားမယ်ဆိုရင် လက်ရှိခန့်ထားတဲ့ ဝန်ထမ်းများအားလုံးလည်း ကျွန်တော်တို့ စဥ်ဆက်မပြတ် ခန့်ထားခဲ့တဲ့ အလုပ်သမားဝန်ထမ်းများ ဖြစ်ပါတယ်။သူတို့ရဲ့ စားဝတ်နေရေးကိစ္စတွေရော စဉ်ဆက်မပြတ် ဆွေမျိုးသားချင်းတောက်လျှောက် ဆောင်ရွက်ခဲ့တဲ့ အနေအထားတွေ ဖြစ်ပါတယ်။ ဒီထဲကမှ ထုတ်နုတ်ပြီးတော့ ဦးစားပေးအဆောင်ဖြစ်တဲ့ အရေးပေါ်ဆေးကုသမှုအဆောင်အတွက်ကိုတော့ သန့်ရှင်းရေးအတွက် ကျွန်တော်တို့က လက်ရှိလုပ်သား သန့်ရှင်းရေးဝန်ထမ်းများကိုတော့ ခွင့်ပြုချက်မရခင်မှာ အနီးကပ်ကြီးကြပ်ပြီးတော့ နေစားဝန်ထမ်းများအဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။ ထပ်မံခန့်ထားနိုင်ရေးအတွက် တင်ဒါစနစ်နဲ့ သီးသန့်ထုတ်နုတ်ပြီးတော့ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ နေပြည်တော်ကို တင်ပြတောင်းခံသွားမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့် ဖြေကြားပါတယ် ” ဟု တိုင်းဒေသကြီး ဝန်ကြီး ဦးဗိုလ်ဌေးက ပြောကြားခဲ့သည်။
ရန်ကုန်ပြည့်သူဆေးရုံကြီး (၇) ထပ်ဆောင်သည် သီးသန့်ဖွင့်ခဲ့သည့် ဆေးရုံဆောင်ကြီးဖြစ်သည့်အတွက် မူလပြည်သူ့ဆေးရုံကြီးမှာ မပါဝင်ဘဲ အသစ်ဖြစ်သည့်အတွက် ပြည်ထောင်စုအစီအစဉ်ဖြင့် ပြင်ပသန့်ရှင်းရေးဝန်ဆောင်မှုကုမ္ပဏီဖြင့် ၂၀၂၄ ခုနှစ် ဇူလိုင် ၆ ရက်က စတင်၍ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆရာဝန်အင်အား ခွင့်ပြု -၇၁၀ ဦး၊ သူနာပြုအင်းအား ခွင့်ပြု -၁၁၉၁ ဦး၊ ကျွမ်းကျင်ဝန်းထမ်း ရာထူး အမှုထမ်းအင်အား ခွင့်ပြု -၁၂၅၇ ဦးရှိပြီး စုစုပေါင်း ခွင့်ပြုဝန်ထမ်းဦးရေ ၃၁၆၅ ဦး ဖြစ်ကြောင်း၊ ၂၀၂၆ စက်တင်ဘာ ၃၀ ရက်အထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ဆရာဝန်အင်အား ခန့်ထား ၄၁၈ ဦး၊ သူနာပြုအင်အား ခန့်ထား – ၇၄၇ ဦးနှင့် ကျွမ်းကျင်ဝန်းထမ်း အရာထမ်း၊ အမှုထမ်းအင်အား – ၇၁၉ ဦး စုစုပေါင်း ၁၈၈၄) ဦးဖြင့် ဆေးကုသမှုများ၊ ဝင်ဆောင်မှုများ ပေးလျက်ရှိကြောင်း တိုင်းဒေသကြီးဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။
၂၀၂၆ အောက်တိုဘာ ၁၂ ရက်တွင် ဆရာဝန်သစ်လွင်နှင့် သွားနှင့်ခံတွင်း ဆရာဝန်သစ်လွင် (၁၂၀၀) ဦး ကျော်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးအပါဝင် ပြည်သူ့ဆေးရုံကြီးများတွင် ကျန်းမာရေးဝန်ကြီးဌာနက ခန့်ထားပေးခဲ့ပြီးဖြစ်ကြောင်း၊ သူနာပြုတက္ကသိုလ်မှ သစ်လွင် သူနာပြုများကိုလည်း ၂၀၂၆ ခုနှစ်အတွင်း ထပ်မံခန့်ထားမည်ဖြစ်သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ လက်ရှိဖွဲ့စည်းပုံနှင့်အတူ ဆရာဝန်လူနာပြုများ တိုးတက်ခန့်ထားပေးနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။
