သက်တံ့
၂၀. ၁၀. ၂၀၂၆
အခရာမိသားစုသည် ကံ ကံ၏အကျိုးကို ယုံကြည်သလို အခရာ (ရန်ကင်း) ဆိုင်က နေအိမ်အဆောက်အဦ ဖျက်ဆီးရန် မတောင်းဆိုခဲ့ဖူးသည့်အပြင် ဆွမ်းလောင်းဓမ္မာရုံနေရာမှာလည်း ဆိုင်နှင့် တစ်စပ်တည်းမရှိကြောင်း Akkhaya Tea House က စားသုံးသူ မိဘပြည်သူများအား ယနေ့ အသိပေးသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကင်းမြို့နယ်ရှိ ဆွမ်းလောင်းဓမ္မာရုံတစ်ခု အပါအဝင် ကျူးကျော်ဆိုင်ခန်းအချို့အား စည်ပင်ပိုင်နယ်နိမိတ် ကျူးကျော်သည်ဟုဆိုကာ ဖျက်သိမ်းခိုင်းချိန် ဓမ္မာရုံမဖျက်ရန် ရဟန်းရှင်လူများ ကန့်ကွက်ရာမှစတင်ကာ အဆိုပါ ဓမ္မာရုံအနီးရှိ အခရာ (ရန်ကင်း) ဆိုင်အား လူမှုကွန်ရက်တွင် ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်လာခြင်းဖြစ်ပြီး ဆိုင်ရှင်မှာ ဘာသာခြားဖြစ်ကြောင်းပင် ထိုးနှက်မှုများ ပြုလုပ်လာခဲ့သဖြင့် အခရာ၏ ဖြေရှင်းချက်တွင် ဝက်သားအပါအဝင် အသားဟင်းလျာများဖြင့် ရောင်းချသည့် စားသောက်ဖွယ်ရာစာရင်းများကိုပါ ကြည့်ရှုပါရန် ထည့်သွင်းဖော်ပြခဲ့သည်။
“၁၈.၁၀.၂၀၂၆ နေ့မှစ၍ လူမှုကွန်ရက်စာမျက်နှာများတွင် အခရာ(ရန်ကင်းဆိုင်)နှင့် ပတ်သက်သည့် အထင်အမြင် လွဲမှားစရာ သတင်းများပြန့်နှံ့နေသည်ကို စိတ်မကောင်းစရာတွေ့ရှိနေရပါသည်။ အဆိုပါ နားလည်မှု အထင်အမြင်လွဲမှားခြင်းကို အခရာဆိုင်များတွင် ရောင်းချနေသည့် စားသောက်ဖွယ်ရာစာရင်းများနှင့် အခရာ၏ လူမှုကွန်ယက်စာမျက်နှာများတွင် ကြည့်ရှုခြင်းဖြင့် သိရှိနိုင်ပါသည်။ အခရာမိသားစုသည် ကံ ကံ၏အကျိုးကို ယုံကြည်သူများဖြစ်သည့်အတွက် သူတစ်ပါး၏နေအိမ် အဆောက်အဦး အကျိုးစီးပွားကို ဖျက်ဆီးရန် မတောင်းဆိုဖူးခဲ့သလို ယင်းဆွမ်းလောင်းဓမ္မာရုံ လက်ရှိနေရာသည် အခရာ(ရန်ကင်းဆိုင်)နယ်နမိတ်နှင့် တစ်ဆက်တစ်စပ်တည်းတွင် မတည်ရှိသည့်အပြင် ကားရပ်နားရာနေရာအဖြစ် အသုံးပြုရန်သင့်တော်သည့်နေရာလည်း မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။”ဟုအခရာ မိသားစုက ဖော်ပြသည်။
Akkhaya Tea House သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ဆိုင်ခွဲဆယ်ခုထက်မနည်းဖွင့်လှစ်ထားသော နာမည်ကြီးဆိုင်ဖြစ်ပြီး ပိုင်ရှင်မှာ နဂါးပျံလက်ဖက်ခြောက်လုပ်ငန်းကို ပိုင်ဆိုင်ထားသလို ကုန်သည်စက်မှူအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌလည်းဖြစ်သည့် ဦးအေးဝင်း ဖြစ်သည်ဟု ပြည်တွင်းပြည်ပသတင်းဌာနများက ရေးသားဖော်ပြသည်။
