ပုံစာ။ မူဆယ်မြို့ ဆီသိုလှောင်ကန် မီးလောင်မှုမြင်ကွင်း (Photo & Video – MFSD & Wa News Land)
သက်တံ့
၂၀. ၁၀. ၂၀၂၆
ရှမ်းပြည်နယ်မြောက်ပိုင်းက မူဆယ်မြို့မှာ ဆီဆိုင်တစ်ခုရဲ့ ဆီသိုလှောင်ကန်ကနေ ဒီနေ့ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၀ ရက် နံနက် ၁၀ နာရီ ၁၁ မိနစ်ခန့်အချိန်က မူဆယ်မြို၊ စွမ်စော်ရပ်ကွက်ရှိ ဆီဆိုင်မှာ ဆီသိုလှောင်ကန်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိလို့ မူဆယ်မြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင် တွေနဲ့ ထွက်ခွာငြှိမ်းသတ်နေတယ်လို့ လွန်ခဲ့တဲ့ သုံးနာရီက သတင်းထုတ်ပြန်ခဲ့ပေမယ့် မီးလောင့်မှုအဆင့်နဲ့ မီးငြိမ်း၊ မငြိမ်းအခြေအနေကိုတော့ ဆက်လက်ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ဒါပေမဲ့ မူဆယ်မြို့မှာ ဒီနေ့ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကိုတော့ တရုတ်နိုင်ငံဘက်က ရှေ့ပြေးယာဥ် (၂) စီး၊ မီးသတ်ကား (၅) စီးနဲ့အတူ လာရောက်ကူညီငြိမ်းသတ်ခဲ့တယ်လို့ “o” လက်နက်ကိုင် UWSA ထိန်းချုပ်မီဒီယာ Wa News Land က ဒေသခံတွေရဲ့ ပြောပြမှုကို ကိုးကားဖော်ပြထားပါတယ်။
မီးလောင်မှုရဲ့ ပျက်စီးဆုံးရှုံးမှုနဲ့ ထိခိုက်မှုကိုတော့ သီးခြားအတည်မပြုနိုင်သေးကြောင်း ဖော်ပြထားသလို “မူဆယ်မြို့ မုံးပေါ်ဆီဆိုင်အနောက်ဘက်မှာ လောင်တာ။ မီးကအရမ်းကြီးတယ်။ အနီးတောင် ကပ်မရဘူး။ တရုတ်နိုင်ငံဘက်က မီးသတ်ယာဥ်တွေ လာရောက်ကူညီပေးတော့ မီးကိုအချိန်မီ ငြှိမ်းသတ်နိုင်ခဲ့တယ်”လို့ မူဆယ်ဒေသခံတစ်ဦး ပြောတာကိုလည်း ဖော်ပြထားပါတယ်။
အလားတူ TNLA ထိန်းချုပ် ရွှေဖီမြေမှာတော့ မီးလောင်မှုက မုံးပေါ်ဆီဆိုင်ရဲ့ အနောက်ဘက် ဆီသိုလှောင်ကန်နေရာမှာဖြစ်ခဲ့တာဖြစ်ပြီး ဘာကြောင့်လောင်တယ်ဆိုတာ မသိရသေးကြောင်း ဖော်ပြထားတာ တွေ့ရသလို အသေးစိတ်ဖြစ်စဉ်ကို MT News က ဆက်လက်ဖော်ပြပေးပါမယ်။
ပုံစာ။ မူဆယ်မြို့ ဆီသိုလှောင်ကန် မီးလောင်မှုမြင်ကွင်း (Photo & Video – MFSD & Wa News Land)


